ဂျာမဏီ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ သောမတ်စ် မူလာကတော့ ယမန်နေ့မှာ ကျင်းပခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး လီဝမ်ဒေါစကီး တယောက် ရွှေဘောလုံးဆုနဲ့ လွဲချော်ခဲ့တဲ့ အတွက် အတော်လေး စိတ်ပျက်မိကြောင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကစားသမားတွေက ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူတွေ ဖြစ်ကြောင်းကို ချန်ပီယံလိဂ် ဆုဖလားအား နောက်ထပ် တကြိမ် ထပ်ယူပြီး သက်သေပြမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ စွမ်းဆောင်ရည် အကောင်းဆုံး ဘောလုံးသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဆုဖလားအောင်မြင်မှု နည်းပါးခဲ့တာကြောင့် ရွှေဘောလုံးဆုနဲ့ လွဲချော်ခဲ့ပါတယ်။

Photo Credit: Marca

တဖက်မှာတော့ ပီအက်စ်ဂျီအသင်းနဲ့ အာဂျင်တီးနားအသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့ ကိုပါဒယ်ရေးဖလား တလုံးသာ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကိုပါအမေရိကဖလား ရရှိခဲ့တာကြောင့် ရွှေဘောလုံးဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို လီဝမ်ဒေါစကီးကသာ ရရှိသင့်တယ်လို့ ထင်မြင်သူတွေ ထုနဲ့ထေး ရှိနေသေးပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ လီဝမ်ဒေါစကီးနဲ့ အတွဲညီတဲ့ သောမတ်စ် မူလာက လီဝမ်ဒေါစကီး တယောက် ရွှေဘောလုံးဆုနဲ့ ထိုက်တန်ကြောင်းကို သက်သေပြဖို့ အတွက် မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းကို လာမယ့်အပတ်မှာ ချေမှုန်းပစ်မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

Photo Credit: Marca

မူလာက – “ရွှေဘောလုံးဆုပေးပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒီဖြစ်ရပ်က ၂၀၁၃ခုနှစ်မှာ ရစ်ဘာရီ တယောက် ရွှေဘောလုံးဆုနဲ့ လွဲခဲ့တဲ့ ဖြစ်ရပ်နဲ့ တူတူပါပဲ။ ဒီလိုမျိုး ကိစ္စတွေက မြူးနစ်မြို့ဆီ ချန်ပီယံလိဂ် ဆုဖလားကို နောက်ထပ် တကြိမ် ထပ်ပြီး ယူဆောင်လာနိုင်အောင် ကြိုးစားဖို့ တွန်းအားတခု ဖြစ်စေပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဂျာမဏီ ဘောလုံးလောကရဲ့ အကြောင်းကို ကမ္ဘာကြီးတခုလုံး သိအောင် ပြသချင်ပါတယ်။ ဒီလိုမျိုး သက်သေပြနိုင်မယ့် ပြီးပြည့်စုံတဲ့ အခွင့်အရေး ကတော့ လာမယ့်အပတ်မှာ ကစားရမယ့် ဘာစီလိုနာအသင်းနဲ့ပွဲပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။