ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်သူ သောမတ်စ် မူလာကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သူတို့အသင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အသင်းကို စွန့်ခွာကာ ဘာစီလိုနာဆီ ပြောင်းရွှေ့သွားတဲ့ အသင်းဖော်ဟောင်း လီဝမ်ဒေါစကီး တယောက် နောင်တရသွားအောင် လုပ်ပြမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ပိုလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ် ကနေ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာထံ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Bild

 

လီဝမ်ဒေါစကီးက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်ထားနိုင်ကာ တဖက်မှာလည်း လီဝမ်ဒေါစကီးကို ဆုံးရှုံးထားရပေမယ့် ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၉ပွဲ ကစားထားရာ ၃၁ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး သူတို့အသင်းဟာ လီဝမ်ဒေါစကီး မရှိလည်း တိုက်စစ်စွမ်းအား ရှိနေသေးကြောင်း သက်သေပြထားပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ မူလာက သူတို့အသင်းဟာ ဘာစီလိုနာနဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ရှိနေသလို လီဝမ်ဒေါစကီးကိုလည်း ဘိုင်ယန်မြူးနစ် ကနေ ထွက်သွားတာ မှားကြောင်း အသိဝင်သွားအောင် လုပ်ပေးမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Bild

မူလာက – “ရော်ဘတ် လီဝမ်ဒေါစကီးက ထိပ်တန်း ကစားသမား တဦးပါ။ ဒါပေမယ့် ကျွန်တော်တို့က ဒီနေ့မှာ သူ့အနေနဲ့ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာခဲ့မိလို့ မှားသွားပြီ ဆိုတဲ့ အသိမျိုး ဝင်သွားအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။