ဒီနေ့ည အလိုင်းရန့်အရီနာကွင်းမှာ ထိပ်တိုက် ရင်ဆိုင်ကြရမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဘိုင်ယန်အသင်းဖော်ဟောင်းဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီးဆီ မှားယွင်းပြီး ဘောလုံးမပေးလိုက်ဖို့ သူ့ကို ဆာဒီယိုမာနေးက ပြောဆိုထားတယ်လို့ သောမတ်စ်မူလာက နောက်ပြောင်သွားခဲ့ပါတယ်။

Thomas Muller (l) and Robert Lewandowski (r) formed a deadly partnership for Bayern Munich

Photo Credit : Daily Mail

ဘိုင်ယန် ဝါရင့်ကစားသမားကြီး မူလာဟာ လက်ရှိမှာ ဘာစီလိုနာ ကစားသမားဖြစ်နေတဲ့ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မှာ (၉)နှစ်နီးပါးလောက် တွဲဖက်ကစားခဲ့ရတာဖြစ်ပြီး မူလာက လီဝန်ဒေါစကီးရဲ့ သွင်းဂိုး တော်တော်များများကို ဖန်တီးပေးနိုင်ခဲ့သလို သူတို့နှစ်ဦးရဲ့ စွမ်းဆောင်မှုတွေနဲ့ပါ ဘိုင်ယန်ကို ဆုဖလားတွေ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် နွေဈေးကွက်မှာပဲ လီဝန်ဒေါစကီးက ဘိုင်ယန်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့သွားခဲ့သလို လက်ရှိမှာလည်း လီဝန်ဒေါစကီးက သူ့အသင်းဟောင်း ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်မှာပါ ပြန်လည် တွေ့ဆုံနေတာကြောင့် မူလာက သူရဲ့အရင်းနှီးဆုံး အသင်းဖော်ဟောင်း လီဝန်နဲ့ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Sadio Mane (right) joked with Muller telling him not to pass to Lewandowski out of habit

Photo Credit : Daily Mail

အရင်က အသင်းဖော်တွေအဖြစ် ဆယ်စုနှစ်နီးပါး တွဲဖက်ခဲ့ရတဲ့ ကစားသမားတစ်ဦးနဲ့ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ရင်ဆိုင်ရမယ့် အချိန်မှာ မှားယွင်းပြီး ဘောလုံးပေးပို့မှုတွေ မဖြစ်စေဖို့ သူ့ကို မာနေးက ပြောဆိုထားခဲ့တယ်လို့ မူလာက နောက်ပြောင်ကျီစယ်ကာ ပြောပြသွားခဲ့ပါတယ်။ မူလာက “ဘာစီလိုနာနဲ့ ပွဲစဉ်အတွင်းမှာ အမှားလုပ်မိပြီး လီဝန်ဒေါစကီးဆီ ဘောလုံးပေးပို့တာမျိုး မဖြစ်စေဖို့ ဆာဒီယိုက ကျွန်တော့်ကို နောက်ပြောင် ပြောဆိုထားသေးတယ်။ ကျွန်တော်တို့က မနက်ဖြန်မှာ ကျွန်တော်တို့ ပုံစံအတိုင်း ဆက်ကစားဖို့သာ ရှိနေပြီး လီဝန်ကို သိပ်ပြီး အာရုံမစိုက်နိုင်ပါဘူး။ ကွင်းထဲမှာ ဆာဒီယိုနဲ့ ကျွန်တော်ရဲ့ ချိတ်ဆက်မှုတွေကလည်း အချိန်ကြာလာတာနဲ့အမျှ တိုးတတ်လာခဲ့ပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ဆီမှာက ကစားသမားကောင်းတွေ အများကြီး ရှိနေတာမို့ တစ်ဦးကောင်း ဆိုတာကိုမျိုး မရှိပါဘူး။ ပြိုင်ဘက်အသင်းတွေကလည်း ကျွန်တော်တို့ဆီမှာ ဘယ်သူက ပုံမှန် တိုက်စစ်ကစားသမားလဲဆိုတာ မသိနိုင်တော့ဘူး။ အဲ့ဒါက ကျွန်တော်တို့အတွက် အားသာချက် ဖြစ်လာလိမ့်မယ်” လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ မူလာရဲ့ အသင်းဖော်ဟောင်းကြီး လီဝန်ဒေါစကီးက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၆)ပွဲ ကစားအပြီးမှာ (၉)ဂိုးအထိကို သွင်းယူထားခဲ့သလို (၂)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။