ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ သက်တော်ရှည် ကစားသမားလည်းဖြစ် ၊ အဓိက ကစားသမားလည်း ဖြစ်တဲ့ သောမတ် မူလာကတော့ ယခုနွေဈေးကွက် အတွင်းမှာမှ သူတို့အသင်းကနေ ဘာစီလိုနာဆီ ပြောင်း​ရွှေ့သွားခဲ့တဲ့ သူ့ရဲ့ တွဲဖက်ဟောင်း လီဝမ်ဒေါစကီးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပြန်လည် ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် အပျော်ကြီး ပျော်ရွှင်နေပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အတွက် ယမန်နေ့ညမှာပဲ အုပ်စုအဆင့် မဲခွဲပွဲကို ပြုလုပ်ခဲ့ရာမှာ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့က အုပ်စု(C)မှာ အတူတကွ ကျရောက်နေခဲ့သလို သူတို့ရဲ့ အုပ်စုအတွင်းမှာ အင်တာမီလန်နဲ့ ပါလ်ဇန်တို့ ပါဝင်နေတာကြောင့် အုပ်စု(C)ဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သေမင်းတမန်အုပ်စု အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Talksport

တဖက်မှာတော့ သောမတ် မူလာနဲ့ လီဝမ်ဒေါစကီးတို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ပိုင်းကို အဓိက ထမ်းပိုးခဲ့ကြသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ နားလည်မှု ၊ တဦးနဲ့ တဦး ကူညီထောက်ပံ့မှုတို့ကြောင့်ပဲ သူတို့နှစ်ဦးရဲ့ တိုက်စစ်အတွဲဟာ ဘိုင်ယန်မြူးနစ်ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး အတွဲအဖက်တွေထဲက တခု အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် ပိုလန်ကြယ်ပွင့် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက သူ့ရဲ့ ကစားသမားဘဝ အတွက် စွန့်စားခန်းအသစ် တခု ဖွင့်ချင်တာကြောင့် ယခု နွေဈေးကွက်မှာတင် ဘိုင်ယန်မြူးနစ်ကို စွန့်ခွာကာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Talksport

ဒါကြောင့်ပဲ တချိန်က အတွဲညီခဲ့ကြတဲ့ မူလာနဲ့ လီဝမ်ဒေါစကီးတို့ဟာ မကြာခင်မှာ ပြိုင်ဘက်တွေ အဖြစ် ပြန်လည် ရင်ဆိုင်ကြရဖို့ ရှိနေပြီး လီဝမ်ဒေါစကီးရဲ့ အရင်းနှီးဆုံး အသင်းဖော် တဦး ဖြစ်ခဲ့သူ မူလာကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲ အပြီးမှာပဲ မြူးနစ်မြို့ကနေ လီဝမ်ဒေါစကီးကို ကြိုဆိုဖို့ အသင့် ရှိနေကြောင်း သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် အသိပေးသွားခဲ့ပါတယ်။

မူလာက ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ တအုပ်စုထဲ ကျရောက်နေကြောင်းကို သိရှိပြီးနောက် ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ သူငယ်ချင်း လီဝမ်ဒေါစကီးကို စနောက်တဲ့အနေနဲ့ ဗွီဒီယိုဖိုင် တခု တင်ခဲ့ပြီး အဆိုပါ ဗွီဒီယိုထဲမှာတော့ မူလာဟာ “ပရိသတ်တွေ အတွက် ဘယ်လောက်တောင် ကောင်းတဲ့ မဲခွဲမှုလဲ။ မာစတာ လီဝမ်ဂိုးစကီးရေ… မကြာခင် မြူးနစ်မြို့မှာ ပြန်ဆုံကြတာပေါ့” လို့ ပျော်ပျော်ရွှင်ရွှင် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။