မနေ့ညက ဂျာမန်ဘွန်ဒက်လီဂါ ပွဲစဉ်(၂၇)အဖြစ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းအလိုင်းရန့်အရီနာမှာ ဖရန့်ဖတ်အသင်းကို ဧည့်ခံကစားသွားခဲ့ပြီး တိုက်စစ်စွမ်းရည် ပြသခဲဲ့ပြီးတော့ (၅)ဂိုး(၂)ဂိုးနဲ့ကို အနိုင်ယူသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဘိုင်ယန်အတွက် သွင်းဂိုးတွေကို ဂေါ်ရက်ဇ်ကာ သောမတ်စ်မူလာ အယ်ဖွန်ဆိုဒေးဗီစ် လီဝန်ဒေါစကီးနဲ့ ဖရန့်ဖတ်ကွင်းလယ်လူ ဟင်ထရစ်ဂါ(OG) တို့က သွင်းယူခဲ့တာဖြစ်ပြီးတော့ အရေးကြီးတဲ့ အဖွင့်ဂိုးဖြစ်တဲ့ ဂေါ်ရက်ဇ်ကာရဲ့ သွင်းဂိုးကိုတော့ မူလာက ဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

အသက်(၃၀)အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား မူလာဟာ ဒီရာသီမှာ ဘိုင်ယန်အတွက် ဘွန်ဒက်လီဂါသွင်းဂိုး(၇)ဂိုးကို ရယူထားနိုင်တဲဲ့အပြင် မနေ့ညက ဖရန့်ဖတ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ပေးခဲ့တဲ့ ဂိုးဖန်တီးမှု(၁)ကြိမ်ကြောင့် သူရဲ့ ဒီရာသီ လိဂ်ဂိုးဖန်တီးမှုကလည်း (၁၇)အကြိမ်အထိကိုတောင် ရောက်ရှိလာခဲ့ပြီး ဒေါ့မွန်အသင်းက တောင်ပံကစားသမား ဂျေဒန်ဆန်ချိုထက် (၁)ကြိမ်အသာရကာ ဒီရာသီမှာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဂိုးဖန်တီးမှုအများဆုံးသူအဖြစ် ရပ်တည်လို့နေပါတယ်။

Photo Credit : Getty Image

ဂျာမန်ဘွန်ဒက်လီဂါ ဘောလုံးပြိုင်ပွဲမှာ ဘောလုံးရာသီတစ်ခုအတွင်း ဂိုးဖန်တီးမှုကို (၁၇)ကြိမ်အထိ လုပ်ဆောင်ထားနိုင်တယ်ဆိုတာ ပြိုင်ပွဲသမိုင်းတလျှောက် အများဆုံးအကြိမ်ရေဖြစ်ပြီး ဒီလိုမှတ်တမ်းမျိုးကို စတင်ပိုင်ဆိုင်ခဲ့သူကတော့ လက်ရှိ မန်စီးတီးအသင်းမှာ ပါဝင်ကစားလို့နေတဲ့ ဘယ်ဂျီယံကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းပဲဖြစ်ပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းကို မရောက်ခင် ဝုလ်ဖ်ဘတ်အသင်းမှာ ပါဝင်ကစားခဲ့တုန်းက တစ်ရာသီအတွင်းမှာ ဂိုးဖန်တီးမှုကို (၁၇)ကြိမ်တောင် ပြုလုပ်ခဲ့ပြီး ဘွန်ဒက်လီဂါပြိုင်ပွဲအတွင်း မှတ်တမ်းတင်တစ်ခုကို စတင်ရေးထိုးနိုင်ခဲ့ပါတယ်။ အခုတော့ သူရဲ့စံချိန်ကို မူလာက အမှီလိုက်နိုင်ခဲ့ပြီး ဒီနှစ် ဘွန်ဒက်လီဂါ ဘောလုံးရာသီကလည်း ကုန်ဆုံးဖို့ (၇)ပွဲတောင် ကျန်သေးတယ်ဆိုတော့ မူလာအနေနဲဲ့ ဒီဘရိုင်းနဲ့ စံချိန်ကို ရိုက်ချိုးဖို့ရှိနေသလို သူရဲ့အောက် ဒုတိယနေရာမှာရှိနေတဲ့ ဆန်ချိုကလည်း လက်ရှိ ဂိုးဖန်တီးမှု (၁၆)ကြိမ် လုပ်ဆောင်ထားနိုင်တာဖြစ်လို့ German Assist King ဘယ်သူဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။