ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမဏီ လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကစားသမားလို့ ဆိုနိုင် တဲ့ စွယ်စုံရ တိုက်စစ်မှူးကြီး သောမတ်မူလာ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဝုဖ်ဘက် အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပွဲစဉ် မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့အပြီးမှာတော့ ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်တစ်ခုကို တင်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ သောမတ်မူလာ တင်ခဲ့တဲ့ စံချိန်ကတော့ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ တစ်ရာသီအတွင်းမှာ ဂိုးဖန်တီးမှု အကြိမ်ရေ အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားဆိုတဲ့ စံချိန်ပဲ ဖြစ်ပြီး မူလာဟာ အဆိုပါ စံချိန်ကို ယခုနှစ် ဘောလုံးရာသီမှာ ဖန်တီးမှု ၂၁ကြိမ်အထိ ပြုလုပ်ခဲ့ကာ တင်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဘိုင်ယန်မြူးနစ်အသင်းက ဝုဖ်ဘက်အသင်းကို အဝေးကွင်းမှာ လေးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မူလာဟာ အတော်လေးကို ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းရဲ့ အဖွင့်ဂိုး ဖြစ်တ​ဲ့ ကိုးမန်းရဲ့ ပွဲချိန်၄မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ပွဲသိမ်းဂိုးကို လည်း ပွဲချိန် ၇၉မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဘိုင်ယန်မြူးနစ် အသင်းအတွက် လက်ကျန် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၃၇မိနစ်မှာ ကူးဆန့် နဲ့ ပွဲချိန် ၇၂မိနစ်မှာ တိုက်စစ်မှူး လီဝန်ဒေါစကီး က ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ မူလာဟာ အဆိုပါပွဲမှာ သွင်းဂိုး တစ်ဂိုး ၊ ဂိုးဖန်တီးမှု တစ်ကြိမ်တို့ကို အရယူခဲ့အပြီးမှာတော့ လက်ရှိ ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ၃၃ပွဲ ပါဝင် ကစားပေးထားရာမှာ ၈ဂိုးသွင်း ၂၁ဂိုးအထိ ဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

မူလာဟာ လက်ရှိ ဘောလုံးရာသီ ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံး ရာသီမှာ ဂိုးဖန်တီးမှု ၂၁ကြိမ် ရခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘောလုံးရာသီ မှာ လက်ရှိ မန်စီးတီးအသင်း ကွင်းလယ်လူ ၊ ဝုဖ်ဘက်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဒီဘရိုင်းရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၂၀ ကြိမ် ပြုလုပ်နိုင်ခဲ့တယ်ဆိုတဲ့ စံချိန်ကို ချိုးဖျက် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမှာကတော့ ဒီဘရိုင်းရဲ့ စံချိန်ကို ချိုးဖျက်နိုင် စေဖို့ အတွက် မူလာဟာ ဒီဘရိုင်းရဲ့ အသင်းဟောင်း ဝုဖ်ဘက်အသင်းကို ကျော်ဖြတ်ပြီး ဖန်တီးမှု တစ်ကြိမ် ရရှိအောင် ကြိုးစားခဲ့ရတာပါပဲ။ ဆက်စပ်သတင်းတွေ အရတော့ ဘိုင်ယန် မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဘွန်ဒက်လီဂါပြိုင်ပွဲ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ကစားသမားဆုတို့ကို ရခဲ့ကြောင်း သိရပါတယ်။