ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက နောက်ချန် တိုက်စစ်မှူး တဦး ဖြစ်သူ မူလာကတော့ ယနေ့မနက် အစောပိုင်းမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဥရောပရဲ့ ထိပ်တန်းအသင်း တသင်း မဟုတ်တော့ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ် အုပ်စုEရဲ့ အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ် ဂျာမဏီမြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အိမ်ရှင် ဘိုင်ယန်မြူးနစ်အသင်းက ဘာစီလိုနာအသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားခဲ့ပြီး ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: AS English

အဆိုပါပွဲစဉ်မှာ မူလာဟာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၄မိနစ်မှာတင် သွင်းယူပေးခဲ့သလို ပွဲစဉ်တလျှောက်မှာလည်း ဘာစီလိုနာအသင်းဘက်ကို ခြိမ်းခြောက်မှု အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

မူလာဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဘာစီလိုနာအသင်းနဲ့ ၇ကြိမ် အထိ တွေ့ဆုံခဲ့ဖူးပြီး အဆိုပါ ၇ကြိမ်မှာ ၆ပွဲနိုင်ခဲ့ကာ ၁ပွဲသာ ရှုံးနိမ့်ထားသလို သွင်းဂိုး ၈ဂိုး အထိလည်း သွင်းယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းကို ဒုက္ခအပေးနိုင်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

Photo Credit: AS English

ဘိုင်ယန်မြူးနစ် ၃-၀ ဘာစီလိုနာ ပွဲစဉ်အပြီးမှာတော့ သောမတ် မူလာက သူတို့အသင်းဟာ ဘာစီလိုနာ အသင်းထက် ခြေစွမ်းပိုင်း အပြတ်အသတ် သာလွန်ခဲ့သလို ဘာစီလိုနာအသင်းက ဥရောပရဲ့ ထိပ်တန်းအသင်း တသင်း မဟုတ်တော့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မူလာက – “ဘာစီလိုနာအသင်းက ကျွန်တော်တို့ရဲ့ ကစားနှုန်းအတိုင်း လိုက်မကစားနိုင်ခဲ့ပါဘူး။ နည်းစနစ်ပိုင်းအရ ပြောရရင် သူတို့အသင်းမှာ ထိပ်တန်း ကစားသမားတွေ ရှိနေသလို ခိုင်မာတဲ့ နည်းစနစ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့အသင်းဟာ ထိပ်တန်းအသင်း တသင်းမှာ ရှိသင့်တဲ့ ကစားနှုန်းမျိုးနဲ့ မကစားနိုင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။