ပိတ်သိမ်းသွားတဲ့ နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ရှက်တာဒိုးနက် လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကတော့ သူဟာ အာဆင်နယ်လို အသင်းမျိုးရဲ့ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ကြောင်းနဲ့ ဇန်နဝါရီမှာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်မိကြောင်း ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်က ရှက်တာဒိုးနက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ တိုးအား ၊ ရုန်းအား ကောင်းမွန်မှုနဲ့ လိုအပ်ရင် သွင်းဂိုးတွေပါ သွင်းယူနိုင်စွမ်း ရှိတဲ့ စွမ်းဆောင်ရည်တို့ကြောင့် အနာဂတ်မှာ တောက်ပလာမယ့် လူငယ်ကြယ်ပွင့် တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: The Sun

မူဒရစ်ခ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့သလို ယခုနှစ် ရာသီမှာလည်း ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ် အပါအဝင် ဥရောပ နာမည်ကြီးကလပ် တချို့က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ခြေစွမ်းခြေစ ရှိတဲ့ မူဒရစ်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး မူဒရစ်ခ်ကတော့ သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖို့ စိတ်အားထက်သန်နေသလို အာဆင်နယ်ဆီ ပြောင်းရွှေ့ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

 

Photo Credit: The Sun

မူဒရစ်ခ်က – “ကစားသမားတိုင်းရဲ့ အိမ်မက်က ပရီးမီးယားလိဂ် ပြိုင်ပွဲမျိုးမှာ ကစားခွင့် ရဖို့လို့ ထင်ပါတယ်။ ဘယ်အသင်းမှာ ကစားချင်လဲ ဆိုတာကို ပြောပြဖို့ ခက်ပေမယ့် အာဆင်နယ်က အရမ်းကို ကောင်းမွန်တဲ့ နည်းပြတဦးကို ပိုင်ဆိုင်ထားတဲ့ ထိပ်သီးအသင်း တသင်းပါ။ ကျွန်တော်က အာဆင်နယ်ရဲ့ ကစားပုံကို ကြိုက်ပါတယ်။ တကယ်လို့ အာဆင်နယ်ကသာ ကျွန်တော့်ကို ကမ်းလှမ်းလာရင် ကျွန်တော့်ဘက်က ငြင်းဆန်နိုင်ဖို့ ခက်ပါတယ်။ ကျွန်တော်ဘက်က အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လုံးဝ ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအရွှေ့ တခု ဖြစ်လာဖို့ ဆိုတာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် တခုထဲနဲ့ မရဘူးလေ။ လာမယ့် ဇန်နဝါရီမှာတော့ ကျွန်တော်က သူတို့ဆီ (အာဆင်နယ်) ပြောင်းနိုင်မလား ဆိုတာ စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရှက်တာဒိုးနက်က သူတို့ရဲ့ လူငယ်ကြယ်ပွင့် မူဒရစ်ခ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ အထက် ပမာဏ တရပ်ကို လိုချင်နေကြောင်း သိထားရပါတယ်။