MySport Myanmar

အသင်းဖော် ကူကူရယ်လာကို ဝေဖန်ထားတဲ့ ပို့စ်တခုအား Like ပေးခဲ့တဲ့ မူဒရစ်ခ်

ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာ ယူကရိန်း နာမည်ကြီးကလပ် ရှက်တာဒိုးနက် ကနေ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ယူကရိန်း ကြယ်ပွင့် မူဒရစ်ခ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၁-၁ ချယ်လ်ဆီး ပွဲစဉ်အပြီးမှာ ချယ်လ်ဆီး ပရိသတ် တဦးရဲ့ ကူကူရယ်လာကို ဝေဖန်ထားတဲ့ ပို့စ်အား Like ပေးသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ယူကရိန်း လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်က ရှက်တာဒိုးနက် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမဦးဆုံး ပါဝင် ကစားရတဲ့ လီဗာပူးနဲ့ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လျင်မြန်မှုနဲ့ ဘောလုံးအရည်အသွေး ပြည့်ဝမှုတို့ကြောင့် အနာဂတ်မှာ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

Photo Credit: The Sun

ဒါပေမယ့် မူဒရစ်ခ်က ချယ်လ်ဆီးအတွက် ၃ပွဲ ပါဝင် ကစားပေးထားချိန်မှာ သွင်းဂိုးရော ၊ ဂိုးဖန်တီးမှုပါ မရထားသလို ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၁-၁ ချယ်လ်ဆီး ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းထဲမှာ ပါဝင် ကစားခွင့် ရခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ပွဲချိန် ၆၇မိနစ်မှာတင် အသင်းဖော် ဇီရက်ဇ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

ဝက်စ်ဟမ်း ၁-၁ ချယ်လ်ဆီး ပွဲအပြီးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ မူဒရစ်ခ်နဲ့ ကူကူရယ်လာတို့ကို ဝေဖန်မှုတွေ ရှိခဲ့သလို ဘောလုံးရေးရာ ကျွမ်းကျင်သူ တချို့က ဝက်စ်ဟမ်းနဲ့ ပွဲမှာ မူဒရစ်ခ် တယောက် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာဟာ ဘယ်နောက်ခံလူ ကူကူရယ်လာရဲ့ ခြေစွမ်းပိုင်း ညံ့ဖျင်းမှုကြောင့် ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ ချယ်လ်ဆီးရဲ့ အမာခံ ပရိသတ်တွေက ဘယ်နောက်ခံလူ ကူကူရယ်လာကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြသလို မူဒရစ်ခ်ကလည်း ကူကူရယ်လာကို ဝေဖန်ထားတဲ့ အင်စတာဂရမ် ပို့စ်တခုအား Like လုပ်ခဲ့ပါတယ်။

မူဒရစ်ခ်က Tribuna သတင်းဌာန ကနေ တင်ထားတဲ့ ချယ်လ်ဆီးပရိသတ်တွေဟာ ဝက်စ်ဟမ်း ၁-၁ ချယ်လ်ဆီး ပွဲမှာ မူဒရစ်ရဲ့ ဘောလုံးတောင်းမှုတွေကို လျစ်လျူရှုခဲ့တဲ့ ကူကူရယ်လာအား ဝေဖန်နေကြတယ် ဆိုတဲ့ သတင်းကို Like လုပ်ခဲ့တာ ဖြစ်ပြီး မူဒရစ်ခ်ရဲ့ လုပ်ရပ်ကြောင့် ချယ်လ်ဆီးရဲ့ အမာခံပရိသတ်တွေက မူဒရစ်ခ်နဲ့ ကူကူရယ်လာတို့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေကြောင်း စတင် သုံးသပ်နေကြပါတယ်။

Exit mobile version