ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်ရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ မာဒရစ်ခ်ရဲ့ အေးဂျင့် အလီခင်ကတော့ သူ့ကစားသမားရဲ့ အပြောင်းအရွှေ့မှာ ရှက်တာဒိုးနက် ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အရေးပါတဲ့ နေရာမှာ ပါဝင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ယူကရိန်းကြယ်ပွင့် မာဒရစ်ခ်က ရှက်တာဒိုးနက်ရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး မာဒရစ်ခ်က ယခုနှစ် ဘောလုံးရာသီမှာ ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Football Transfers

မာဒရစ်ခ်က သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ရယူနိုင်စွမ်း ရှိသလို တဦးချင် လိမ်ခေါက် ဖြတ်ကျော်ရာမှာလည်း ထူးချွန်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က သူ့ကို ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

မာဒရစ်ခ်က သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဇင်ချန်ကို ရှိနေတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးထားပေမယ့် ရှက်တာဒိုးနက်ကတော့ မာဒရစ်ခ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၂သန်း ဝန်းကျင်သာ ပေးချေချင်နေတဲ့ အာဆင်နယ်ထက် ပြောင်းရွှေ့ကြေး ပိုပေးနိုင်တဲ့ ချယ်လ်ဆီးဆီသာ ရောင်းချချင်နေပါတယ်။

Photo Credit: Football Transfers

လက်ရှိမှာတော့ မာဒရစ်ခ်က သူ ပြောင်းချင်နေတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့မလား ၊ ဒါမှမဟုတ် ရှက်တာဒိုးနက်က သူ့ကို ပြောင်းစေချင်နေတဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့မလား ဆိုတဲ့ အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပြီး မာဒရစ်ခ်ရဲ့ အေးဂျင့်ဖြစ်သူ အလီခင်ကတော့ သူ့ကစားသမားရဲ့ အပြောင်းအရွှေ့မှာ ရှက်တာဒိုးနက် ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကသာ အရေးပါကြောင်း ပြောကြားရင်း မာဒရစ်ခ်ရဲ့ အသင်းသစ်ဟာ ချယ်လ်ဆီး ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ဖွင့်ဟသွားခဲ့ပါတယ်။

အလီခင်က – “မာဒရစ်ခ်က ရှက်တာဒိုးနက်ရဲ့ ကစားသမား တယောက် ဖြစ်သလို ရှက်တာဒိုးနက် ဘုတ်အဖွဲ့ကပဲ သူ့အပြောင်းအရွှေ့ အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်မှာပါ။ အခုချိန်မှာတော့ မာဒရစ်ခ်က ရှက်တာဒိုးနက်နဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ ပြင်နေပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။