MySport Myanmar

ပီအက်စ်ဂျီထံ ပြောင်းခွင့် ပေးဖို့ ဖရန့်ဖတ်အား တောင်းဆိုလိုက်တဲ့ မူအာနီ

ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဖရန့်ဖတ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုလို မူအာနီက သူဟာ မွေးရပ်မြေ ပြင်သစ်ရဲ့ ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားတာကြောင့် သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ ဖရန့်ဖတ်ကို တရားဝင် တောင်းဆိုသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မူအာနီက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာမှ နန့်တက်စ် ကနေ ဖရန့်ဖတ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ဖရန့်ဖတ်နဲ့ ၂၀၂၇ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Goal

မူအာနီက ဖရန့်ဖတ်ဆီ အလွတ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အသင်းနဲ့ ချက်ချင်း အထိုင်ကျခဲ့သလို သူက ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံမှာ ၅၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၆ဂိုး အထိ သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်ပေးထားပါတယ်။

မူအာနီက အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ဘယ်ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် နေမာနဲ့ မက်ဆီတို့ကို ဆုံးရှုံးထားတဲ့ ပီအက်စ်ဂျီက သူ့ကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ပီအက်စ်ဂျီဟာ မူအာနီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး ဂျာမန်သတင်းထောက် ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ယမန်နေ့မှာပဲ မူအာနီအတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ယူရို ၈၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဖရန့်ဖတ်က ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းပဲ ပယ်ချခဲ့ကြောင်း သိရပါတယ်။

ဖရန့်ဖတ်က ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် မူအာနီက သူ့ကို ပီအက်စ်ဂျီထံ အသင်းပြောင်းခွင့် ပေးဖို့ တရားဝင် တောင်းဆိုလာခဲ့ပါတယ်။ မူအာနီက – “ကျွန်တော်ကတော့ ဖရန့်ဖတ်က ကျွန်တော့်ကို ပီအက်စ်ဂျီဆီ ပြောင်းခွင့် ပေးဖို့ မျှော်လင့်ထားပါတယ်။ ဖရန့်ဖတ်က ကျွန်တော့်အပေါ်မှာ ကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ အစွမ်းကုန် ကြိုးစား ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက ကျွန်တော့်ကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပမာဏနဲ့ ကမ်းလှမ်းခဲ့တယ် ဆိုတာ လျို့ဝှက်ချက် တခု မဟုတ်ပါဘူး။ ကျွန်တော်က ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ ကစားချင်ပါတယ်။ ဒါကြောင့် ဖရန့်ဖတ်က ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ မျှော်လင့်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version