MySport Myanmar

ဝက်စ်ဟမ်းဆီ လာရင် Captain ခန့်မယ်လို့ မက်ဂွိုင်းယားကို မက်လုံး ပေးထားတဲ့ မိုရက်

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းရဲ့ နည်းပြချုပ် ဖြစ်သူ ဒေးဗစ် မိုရက်က သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကို သူတို့အသင်းဆီသာ ပြောင်းလာရင် အသင်းခေါင်းဆောင်ရာထူး ပေးမယ်လို့ မက်လုံးပေး စည်းရုံးနေကြောင်း ဝက်စ်ဟမ်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဝက်စ်ဟမ်းက ယခု နွေဈေးကွက် အတွင်းမှာ အဓိက ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အာဆင်နယ်ဆီ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၅သန်းနဲ့ ရောင်းချပြီးနောက် ရိုက်စ်ကို ရောင်းချရာကနေ ရလာတဲ့ ငွေကြေးတွေနဲ့ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: The Sun

ဝက်စ်ဟမ်းနည်းပြ မိုရက်က ပေါင် ၁၀၅သန်းကို အသုံးပြုကာ ကွင်းလယ်လူ ၂ဦးနဲ့ ဗဟိုခံစစ်မှူး ၁ဦးတို့ကို ခေါ်ယူဖို့ စီစဉ်ထားပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းရဲ့ နံပါတ်၁ ပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက မကြာသေးမီကမှ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ချခံထားရသလို ယူနိုက်တက်မှာ စတုတ္ထ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ်သာ ကစားခွင့် ရနေပါတယ်။

 

Photo Credit: Goal

ဝက်စ်ဟမ်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းနည်းပြ မိုရက်က မက်ဂွိုင်းယားကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားသလို မက်ဂွိုင်းယားသာ သူတို့အသင်းဆီ ပြောင်းလာမယ် ဆိုရင် အသင်းခေါင်းဆောင်ရာထူး ပေးမယ်လို့ မက်လုံးပေး စည်းရုံးနေကြောင်းလည်း သိရပါတယ်။

မိုရက်က မက်ဂွိုင်းယားကို သူတို့အသင်းဆီ ပြောင်းလာဖို့ စည်းရုံးနေသလို ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေကလည်း ဟယ်ရီ မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးနေပြီး ယူနိုက်တက်က မက်ဂွိုင်းယားအတွက် ပေါင် ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

Exit mobile version