ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့ နည်းပြချုပ် ဖြစ်သလို တချိန်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ ဖြစ်ခဲ့ဖူးတဲ့ ဒေးဗစ် မိုရက်စ်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ လက်ရှိ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို လုံလောက်တဲ့ အချိန်တခု ပေးဖို့ မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၆၀ အရွယ် စကော့တလန် ဝါရင့်နည်းပြကြီး ဒေးဗစ် မိုရက်စ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆယ်စုနှစ် တစုကျော်ကြာ နည်းပြခဲ့သူ ဖြစ်ပြီး မိုရက်စ်ဟာ အဲဗာတန် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ဆန်းဒါးလန်း ၊ ဝက်စ်ဟမ်း စတဲ့ ပရီးမီးယားလိဂ်အသင်း ၄သင်း အထိ ကိုင်တွယ်ခဲ့သူပါ။

Photo Credit: Mirror

ဒေးဗစ် မိုရက်စ်က မာဆေးဆိုဒ်ကလပ် အဲဗာတန်ကို ကိုင်တွယ်ရင်း နာမည်ကျော်လာသူ ဖြစ်ပြီး သူက ၂၀၁၃ခုနှစ်မှာတော့ စကော့တလန် ထိပ်သီးနည်းပြ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ထောက်ခံပေးမှုနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် မိုရက်စ်ရဲ့ ယူနိုက်တက်နည်းပြဘဝဟာ မလှပခဲ့ပဲ မိုရက်စ်က မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်အပြီး ၁ရာသီ မပြည့်ခင်မှာတင် နည်းပြချုပ်ရာထူး ကနေ ဖယ်ရှားခံခဲ့ရပြီး မိုရက်စ်ဟာ ယူနိုက်တက်နည်းပြဘဝမှာ ကွန်မြူနတီဒိုင်း ဆုဖလား ၁လုံးထဲသာ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: MEN

ဒီတပတ်မှာတော့ မိုရက်စ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဝက်စ်ဟမ်းနဲ့ ယူနိုက်တက် ပွဲမတိုင်မီ လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ မိုရက်စ်က လတ်တလောမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ဟာ အသင်းကို ပြုပြင် ပြောင်းလဲဖို့ အတွက် လုံလောက်တဲ့ အချိန်တခု ရဖို့ မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မိုရက်စ်က – “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သတ်ပြီး အများကြီးတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ယူနိုက်တက်ဟာ သူတို့ရဲ့ နည်းပြချုပ်ကို သူ လိုချင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အတွက် အချိန်ပေးဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ယူနိုက်တက်က သူတို့ရဲ့ နည်းပြကို အောင်မြင်မှုတွေ ယူဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ပေးဖို့ လိုအပ်ပါတယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။