ဝက်စ်ဟမ်အသင်းရဲ့ နည်းပြ မိုယက်စ်ကတော့ မန်ယူအသင်း နဲ့ အဲဗာတန်အသင်း အကြောင်းကို ပါးနပ်စွာ ပြောသွားပြီး မန်ယူအသင်းကို ပြောင်းခဲ့တာကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ပေမဲ့ မန်ယူအသင်းကို ပြောင်းဖို့ အဲဗာတန်အသင်းက ထွက်ခဲ့တာကိုတော့ နောင်တရတယ်လို့ ပြောပါတယ်။ မန်ယူအသင်းဟာ (၂၀၁၃) ခုနှစ်မှာ အသင်းရဲ့ နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်က အသင်းရဲ့ နည်းပြအဖြစ်ကနေ အနားယူသွားခဲ့တာကြောင့် နည်းပြသစ် တစ်ဦးကို လိုက်လံ ရှာဖွေနေခဲ့ကြပြီး နောက်ဆုံးမှာ အဲဗာတန် နည်းပြ မိုယက်စ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

နည်းပြ မိုယက်စ်ဟာ အဲဗာတန်အသင်းကို (၂၀၀၂) ခုနှစ်က (၂၀၁၃) ခုနှစ်အထိ၊ (၁၀) နှစ်ကျော် နည်းပြပြီးနောက် (၂၀၁၃) ခုနှစ်မှာ မန်ယူအသင်းကို နည်းပြသစ် အဖြစ် ရောက်လာခဲ့ပေမဲ့လည်း အောင်မြင်မှု မရခဲ့တာကြောင့် (၂၀၁၄) ခုနှစ်မှာ မန်ယူနည်းပြ အဖြစ်က ထုတ်ပယ်ခံခဲ့ရပါတယ်။ နည်းပြ မိုယက်စ်ဟာ မနယ်ူအသင်းက ထုတ်ပယ်ခံရတဲ့ အချိန်မှာ ရီးရဲလ် ဆိုဆီဒက်စ်အသင်းကို သွားရောက် နည်းပြခဲ့ပြီး သူက မန်ယူအသင်းကို သွားရောက် နည်းပြဖို့ အဲဗာတန်အသင်းကနေ ထွက်သွားခဲ့တာကို အမြဲတမ်း နောင်တရတယ်လို့ အခိုင်အမာ ပြောသွားလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

beLN SPORTS မှာ နည်းပြ မိုယက်စ်က “ကျွန်တော် အတိတ် အချိန်ကို ပြန်တွေးပြီး အဲဒီအချိန်မှာ ကျွန်တော် တည်ဆောက်ခဲ့တဲ့ အဲဗာတန်အသင်း နဲ့ အဲဗာန် ကစားသမားတွေကြောင့် အဲဗာတန် အသင်းက ထွက်ခဲ့တာကို ကျွန်တော် အမြဲတမ်း နောင်တရတယ်။ ဒါပေမဲ့ ကျွန်တော် မန်ယူအသင်းကို ပြောင်းခဲ့တာ နဲ့ မန်ယူအသင်းမှာ ပြုလုပ်ခဲ့တာတွေကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ ဘောလုံး လောကမှာ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ရတယ်လို့ ကျွန်တော် ထင်တယ်။ ကိုယ့်အတွက် အလုပ်ဖြစ်မယ့် အချို့ အရာ နဲ့ ကိုယ့်အတွက် အလုပ်မဖြစ်မယ့် အချို့အရာတွေ အမြဲ ရှိနေမှာပါ။ ဘောလုံး ကစားသမား တစ်ဦး ဒါမှမဟုတ် ဘောလုံး နည်းပြ တစ်ဦးရဲ့ ခရီးမှာ အချိန်ကောင်းတွေပဲ အမြဲတမ်း ရှိနေမှာ မဟုတ်ပါဘူး။ အတက်အကျ အနိမ့်အမြင့် ရှိတဲ့ အချိန်တွေကို အမြဲတမ်း ရင်ဆိုင်သွားကြရမှာပါ”လို့ ပြောကြားသွားပါတယ်။