ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဟောင်းကြီးဖြစ်သူ ဒေးဗစ် မိုရက်စ်က ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်နေရာအတွက် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား စကော့ မတ် တွမ်မီနေးကို ခေါ်ယူချင်ခဲ့မိတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
မိုရက်စ်ဟာ ဒက်ကလန်ရိုက်စ်နဲ့အတူ ဝက်စ်ဟမ်းအသင်းမှာ လက်တွဲခဲ့စဉ်တုန်းက ရိုက်စ်ကို အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ပေးခဲ့တာဖြစ်ပြီး ၂၀၂၂-၂၃ ဘောလုံးရာသီမှာလည်း ယူရိုပါ ကွန်းဖရန့်စ်လိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီရာသီအပြီးမှာပဲ ဝက်စ်ဟမ်းက ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၀၅)သန်းနဲ့ ရောင်းချလိုက်ရပါတယ်။
Photo Credit : Goal
ရိုက်စ်လို အသင်းအတွက် အဓိက ကစားသမားတစ်ဦးကို ရောင်းချခဲ့ရတဲ့ ဝက်စ်ဟမ်းဟာ သူ့နေရာမှာ အစားထိုးဖို့အတွက် ပါလင်ညာ တွမ်မီနေးနဲ့ ကွင်းလယ်ကစားသမား အများအပြားကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဂျိမ်းစ် ဝက်ပရောက်ဒ်နဲ့ အက်ဆွန် အဲလ်ဗာရက်ဇ်တို့ကိုသာ အသင်းဆီ ခေါ်ယူနိုင်ခဲ့ပါတယ်။
ဒီကစားသမားနှစ်ယောက်က ဝက်စ်ဟမ်းကွင်းလယ်မှာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့်လည်း မိုရက်စ်ကတော့ ရိုက်စ်နေရာအတွက် သူအမှန်အကန် အလိုရှိခဲ့တာက တွမ်မီနေးသာ ဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ “ဒက်ကလန်ရိုက်စ်နေရာမှာ တခြား ကစားသမားနဲ့ အစားထိုးဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့က သူ့ကို လက်လွတ်ရမယ်ဆိုပြီး မထင်ထားခဲ့လို့ပါ။ လက်လွတ်လိုက်ရတော့လည်း သူ့နေရာအတွက် ကစားသမား(၂)ဦးလောက်အထိ လိုအပ်လာခဲ့ပါတယ်။”
Photo Credit : beIN SPORTS
“ကျွန်တော်တို့ လိုအပ်ခဲ့တဲ့အတိုင်း တကယ်ကောင်းတဲ့ ကွင်းလယ်လူ(၂)ဦးကို ခေါ်ယူခဲ့တယ် ဆိုပေမယ့် စကော့(တွမ်မီနေး)ကို ခေါ်ယူဖို့လည်း ကျွန်တော်တို့ တကယ်ကြီးကို စိတ်ဝင်စားခဲ့တာပါ။ သူက ကွင်းလယ်နေရာအစုံမှာ ကစားနိုင်သလို ပြိုင်ဘက် ဂိုးဧရိယာထဲ ရောက်နေရင်လည်း အချိန်ကိုက် ဂိုးသွင်းတာမျိုး ဒါမှမဟုတ် တစ်ခုခု လုပ်ပြတာမျိုးတွေလည်း ရှိတက်တယ်။ အဲ့ဒီအချိန်တုန်းက တွမ်မီနေးဟာ ကျွန်တော် အလိုချင်ဆုံး ကစားသမားလို့ ခံစားမိခဲ့ပါတယ်။ ဒါပေမယ့် ရအောင်တော့ မခေါ်နိုင်ခဲ့ဘူး။”
“သူက ကျွန်တော်တို့အသင်းဆီ ရောက်လာမယ့်အစား မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်ရှိနေရပြီးတော့ ပွဲတချို့မှာလည်း အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့တယ်။” လို့ မိုရက်စ်က ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဝါရင့်နည်းပြကြီး မိုရက်စ်နဲ့ ဝက်စ်ဟမ်းအသင်းတို့က လက်တွဲဖြုတ်ထားခဲ့ပြီး သူ့နေရာမှာ ဝုလ်ဗ်နည်းပြဟောင်း လိုပက်တယ်ဂီနဲ့ ပြန်လည် အစားထိုးထားခဲ့ပါတယ်။