ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ သူ ပြုစု ပျိုးထောင်ခဲ့တဲ့ ချယ်လ်ဆီးကို မကြာခင်မှာ အပြီးသတ် ရောင်းချတော့မယ်လို့ ယမန်နေ့ညမှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းလတ်အဆင့်သာ ရှိတဲ့ ချယ်လ်ဆီးကို ၂၀၀၃ခုနှစ်မှာ ပေါင် ၁၃၀သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးကို ဝယ်ယူပြီးနောက် ပေါင်သန်းရာနဲ့ချီကို ထုတ်ပေးကာ အသင်းကို ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့ပါတယ်။

Photo Credit: Sky Sports

အေဘရာမိုဗစ်ချ်ရဲ့ လက်အောက်မှာ ချယ်လ်ဆီးဟာ လျင်လျင်မြန်မြန်ပဲ အင်္ဂလန်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာသလို ချယ်လ်ဆီးကို အေဘရာမိုဗစ်ချ် ဝယ်ယူခဲ့တဲ့ ၂၀၀၃ခုနှစ်မှ စတင်ပြီး ရေတွက်မယ် ဆိုရင် ချယ်လ်ဆီးဟာ အေဘရာမိုဗစ်ချ်ရဲ့ လက်အောက်မှာ စုစုပေါင်း ဆုဖလား ၂၁လုံး အထိ ရရှိခဲ့ကာ အသင်းရဲ့ တန်ဖိုးကလည်း ပေါင် ၁၃၀သန်း ကနေ ၃ဘီလီယံ အထိ တိုးတက်လာခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးကို ချစ်ခင် မြတ်နိုးသလို ချယ်လ်ဆီးမှာ ရှိနေတဲ့ လူတွေ ၊ ပရိသတ်တွေကလည်း အေဘရာမိုဗစ်ချ်ကို အသင်းပိုင်ရှင် အဖြစ်သာ ဆက်လက် မြင်တွေ့လိုကြပေမယ့် အေဘရာမိုဗစ်ချ်ရဲ့ မိခင်နိုင်ငံ ရုရှားက အိမ်နီးချင်း ယူကရိန်း အပေါ် ကျူးကျော်စစ် ဆင်နွှဲမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အေဘရာမိုဗစ်ချ်နဲ့ ချယ်လ်ဆီးတို့ မဖြစ်မနေ လမ်းခွဲရမယ့် အချိန်ကို ရောက်လာခဲ့တာပါ။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bleacher Report သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိမှာ အေဘရာမိုဗစ်ချ်ရဲ့ ချယ်လ်ဆီးကို ဝယ်ယူဖို့ အတွက် စိတ်ဝင်စားနေသူတွေ အမြောက်အမြား ရှိနေကြသလို အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးကို ယူရို ၃ဘီလီယံနဲ့သာ ရောင်းချဖြစ်ခဲ့ပါက ချယ်လ်ဆီးအတွက် သူ စိုက်ထုတ်ပေးခဲ့တဲ့ ငွေကြေးကို ပြန်လည် နုတ်ယူပြီး ကျန်တဲ့ အမြတ်ငွေတွေ အားလုံးကို ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ထိခိုက်နစ်နာသူတွေ အတွက် ရည်စူးကာ ပြန်လည် လှူဒါန်းသွားမယ်လို့ သိရပါတယ်။