ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ ပိုင်ရှင်ဖြစ်သူ အေဘရာမိုဗစ်ချ်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကြောင့် သူ ပိုင်ဆိုင်တဲ့ ချယ်လ်ဆီးကို မဖြစ်မနေ ရောင်းချဖို့ စီစဉ်ခဲ့ရပြီးနောက် စပိန်လာလီဂါ နာမည်ကြီးကလပ် ဗလင်စီယာကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးကို အသင်းလတ် အဆင့်ကနေ ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ချယ်လ်ဆီးရဲ့ တန်ကြေးက ပေါင် ၁၀၀သန်းကျော် ကနေ ပေါင် ၃ဘီလီယံကျော် အထိ ပြောင်းလဲ တိုးတက်သွားခဲ့ပါတယ်။

Photo Credit: Standard

လက်ရှိအချိန်မှာတော့ အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ရောင်းချပြီးနောက် ဘောလုံးလောက အတွင်းမှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက် ပြုလုပ်ဖို့ စီစဉ်နေကာ တူရကီ စူပါလိဂ်မှာ ရုန်းကန်နေရတဲ့ ဂေါ့ဇ်တီပီနဲ့ စပိန်လာလီဂါ နာမည်ကြီးကလပ် ဗလင်စီယာတို့ နှစ်သင်းထဲက တသင်းကို ဝယ်ယူဖွယ် ရှိကြောင်း အေဘရာမိုဗစ်ချ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီး လုပ်ကိုင်ပေးနေရတဲ့ ဝန်ထမ်းတွေထဲမှ တဦးက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ အေဘရာမိုဗစ်ချ်က ဗလင်စီယာပိုင်ရှင် ပီတာလင်းနဲ့ ဆက်သွယ်ကာ ဗလင်စီယာကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး အေဘရာမိုဗစ်ချ်နဲ့ စပိန်သန်းကြွယ်သူဌေး ဇိုရီယိုတို့ထဲက တဦးဟာ ဗလင်စီယာရဲ့ ပိုင်ရှင်သစ် ဖြစ်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Standard

စပိန်သန်းကြွယ်သူဌေး ဖြစ်သူ ဇီုရီယိုကလည်း သူဟာ ဗလင်စီယာကို ဝယ်ယူရာမှာ ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ်နဲ့ ယှဉ်ပြိုင်နေရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဇိုရီယိုက – “ပီတာလင်းက ဗလင်စီယာကို ယူရို ၂၅၀သန်းနဲ့ ရောင်းချဖို့ လန်ဒန်မြို့အထိ သွားပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်နဲ့ အေဘရာမိုဗစ်ချ်တို့က ဗလင်စီယာကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ လုပ်ထားတယ် ဆိုတဲ့ သတင်းတွေ သူ့ရဲ့ လူယုံတွေဆီ ကနေ ပြန်ကြားရပါတယ်။ ကျွန်တော်ကတော့ ရှင်းပါတယ်။ သူ့ကို ဒီနေရာကနေပဲ သတင်းစကား တခု ပါးလိုက်ပါမယ်။ အဲ့ဒါကတော့ နှစ်တိုင်း ယူရု ၅၀သန်းလောက် အိတ်စိုက်ပြီး အရှုံးခံနေရတာကို ဆက်လုပ်မလား ၊ ဒါမှမဟုတ် ကျွန်တော့်ဆီကို ရောင်းမလား” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။