ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အသင်းပိုင်ရှင် ဖြစ်တဲ့ အေဘရာမိုဗစ်ချ်ဟာ လက်ရှိ အချိန်မှာ ရလဒ်ပိုင်း အနည်းငယ် ယိမ်းယိုင်နေတဲ့ အသင်းရဲ့ အခြေအနေ ကို စောင့်ကြည့်နေပြီး ရလဒ်တွေသာ တိုးတက် ကောင်းမွန်လာခြင်း မရှိရင် လက်ရှိ အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ကို ရောင်းချဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်သလို မိုဗစ်ချ်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ တစ်ဦးဖြစ်ပေမယ့် အသင်းရဲ့ အကျိုးအတွက် ဆိုရင် မိုဗစ်ချ်ဟာ လမ်းပတ်ကို ထုတ်ပယ်နိုင်ပါတယ်။

Photo Credit: Football Insider

အသက် ၅၃နှစ် အရွယ်သာ ရှိသေးတဲ့ အေဗရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်းကို အလယ်အလတ် အသင်း အဆင့်ကနေ ထိပ်တန်းအသင်း အဆင့်အထိ ရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သလို အသင်းမှာ ရလဒ်ကောင်း မရတဲ့ နည်းပြတွေကို ထုတ်ပယ်ရာမှာလည်း တွန့်ဆုတ်လေ့ မရှိသူ တစ်ဦးပါ။ ဒါ့ကြောင့် နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံး နေခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ သူ့ရဲ့ အနာဂတ်အတွက် စတင် စိုးရိမ်နေရပြီ ဖြစ်ကြောင်း ဘောလုံး သုတေသီတွေက သုံးသပ် ထားကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက် အတွင်းမှာ အသင်းကို အကြီးစား လူအင်အား ဖြည့်တင်းမှုတွေကြောင့် လက်ရှိ ဘောလုံးရာသီမှာ ဆုဖလားတစ်ခုခု ကို ရရှိနိုင်လိမ့်မယ် လို့ ထင်ကြေး ပေးခံ ထားရပေမယ့် လက်ရှိ အချိန်အထိ အသင်းရဲ့ ခြေစွမ်းပိုင်းဟာ တည်ငြိမ်မှု မရှိသေးပါဘူး။

Photo Credit: Football Insider

အထူးသဖြင့် ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိခဲ့ပြီး ၃ပွဲသရေ ၁ပွဲရှုံးရလဒ် ထွက်ပေါ်ကာ ရှုံးနိမ့်ထားတဲ့ ပွဲစဉ်ဟာလည်း စပါးအသင်းကို ရှုံးနိမ့်ကာ ကာရာဘောင်းဖလား ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လမ်းပတ်ဟာ လာမယ့် ပွဲစဉ်တွေမှာ အသင်းရဲ့ ရလဒ်ပိုင်းကို ပိုမို တိုးတက်လာအောင် စွမ်းဆောင်ပြရမှာ ဖြစ်ပြီး ရလဒ်ပိုင်းသာ မတိုးတက်လာပါက ဂျူဗင်တပ်အသင်းရဲ့ နည်းပြဟောင်း အယ်လီဂရီနီနဲ့ အစားထိုး ခံရဖွယ် ရှိနေပါတယ်။ နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Football Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်း ပိုင်ရှင်ဖြစ်တဲ့ မိုဗစ်ချ်ဟာ လက်ရှိရာသီမှာ ချယ်လ်ဆီးအသင်းကို မျှော်လင့်ချက် ကြီးမားစွာ ထားထားပြီး သူမျှော်မှန်းထားတဲ့ အတိုင်းသာ ဖြစ်မလာပါက လမ်းပတ်ကို ကျိန်းသေပေါက် ထုတ်ပယ်မှာ ဖြစ်ကြောင်း သိရပါတယ်။