အေစီမီလန် အသင်းရဲ့ ကြယ်ပွင့် ကစားသမား တစ်ဦးလို့ တင်စား ခေါ်ဆိုရမယ့် ဇလာတန် အီဘရာဟီမိုဗစ် ဟာ သူ့အနေနဲ့ ကြံ့ခိုင်နေသေးတယ်လို့ ခံစားရနေသ၍ အနားယူဖို့ အစီအစဉ် မရှိကြောင်းနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေတိုင်းမှာ အတ္တ မပါဝင်ကြောင်း ပြောဆိုသွားပါတယ်။ အီဘရာဟီမိုဗစ် အနေနဲ့ ပြီးခဲ့တဲ့ လက ဒူးကောက်ကြောဒဏ်ရာ မရခင်အချိန်ထိ အေစီမီလန် အသင်းအတွက် ၁၀ ပွဲကစားပေးထားပြီး ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ် ဟာ ယခုနှစ် အစပိုင်းလောက်က စီးရီးအေ ကို ပြန်လည်ရောက်ရှိလာတဲ့ အချိန်က စတင်ပြီးတော့ အထင်ကြီးစရာ ခြေစွမ်းမျိုး တွေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ လ က အသက် ၃၉ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ အီဘရာဟီမိုဗစ် ဟာ အေစီမီလန် အသင်းနဲ့ အတူ ရာသီကုန်အထိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပြီးတော့ သူ တတ်နိုင်သလောက် ဆက်ပြီးတော့ ကစားချင်သေးတယ်ဆိုပြီး ပြောဆိုလာပါတယ်။

Photo Credit: Metro

“ ကျွန်တော် အခြေအနေကောင်းနေသေးတယ်လို့ ခံစားမိနေသ၍ ကတော့ ကျွန်တော် ဆက်ကစားနေမှာပါ။ ဘာလို့လဲဆိုရင် အသက်တွေ တစ်နှစ်ပြီးတစ်နှစ် ကြီးလာတာနဲ့ အမျှ အရည်အချင်းက စကားမပြောတော့ပါဘူး။ ခင်ဗျား ဘယ်လောက် ကြံ့ခိုင်နေသေးတယ်ဆိုတာကို သိဖို့ပဲ လိုအပ်ပါတယ်။ အကယ်၍ ခင်ဗျားက ကြံ့ခိုင်မှု ပိုင်းဆိုင်ရာ ကောင်းနေသေးတယ် ဆိုရင် ခင်ဗျား လုပ်နိုင်ပါတယ်။ ဥပမာ တော့တီလို ကစားသမားမျိုးလိုပေါ့။ အဲ့ဒါက အရည်အသွေး မရှိတာ မဟုတ်ပါဘူး။ အကယ်၍ တစ်ယောက်ယောက် ကသာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အခြေအနေကောင်းမှာ ရှိနေသေးရင် သူ သေချာပေါက် ကစားနိုင်ပါတယ်။ အဲ့ဒါက တကယ်အရေးကြီးတဲ့ အရာပါပဲ။ အရည်အသွေးကျ သွားဖို့ဆိုတာက လုံးဝ မဖြစ်နိုင်ပါဘူး။ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အရ ကစားနိုင်သေးလား မကစားနိုင်တော့ဘူးလား ဆိုတာပဲ သိဖို့ လိုပါတယ် ”

Photo Credit: Metro

“ ခင်ဗျား အနေနဲ့ ကိုယ့်ကိုယ်ကို သန်မာ နေသေးတယ်၊ ငါ လုပ်နိုင်နေသေးတယ်ဆိုပြီး တွေးနေတယ်ဆိုရင် ခင်ဗျား အနေနဲ့ ဆက်မကစားနိုင်တော့ဘူးဆိုတာကို လက်တွေ့ကျကျ နားမလည် နိုင်လို့ပါပဲ။ ကျွန်တော့်မှာ အဲ့ဒီလို အတ္တမျိုးမရှိပါဘူး။ ကျွန်‌တော်က လက်တွေ့ကျကျ စဉ်းစားတတ်ပါတယ်။ ကျွန်တော် ဘာလို့ အမေရိကကို သွားခဲ့လဲ ? ဘာလို့လဲဆိုရင် ကျွန်တော် အောက်ခြေကနေ ပြန်စချင်လို့ပါ။ ဒဏ်ရာရပြီးတဲ့ နောက်မှာ မန်ချက်စတာ ယူနိုက်တက်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုး ကျွန်တော့်မှာ ရှိမနေတော့ပါဘူး။ ကျွန်တော် မော်ရင်ဟို ကို ‘ ငါ့ကို ထပ်‌မခေါ်ပါနဲ့တော့။ လေးစားသမှုနဲ့ ပြောရရင် ငါဟာ အရင်က အီဘရာ မဟုတ်တော့ပါဘူး ’ လို့ ပြောခဲ့တယ်။ ကျွန်တော် လက်တွေ့ကျကျပဲ စဉ်းစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့အတ္တ တွေ ကျဆင်းသွားပါပြီ။ ဒါကြောင့်မို့လည်း ကျွန်တော် အောက်ခြေကနေပြန်စဖို့ အမေရိက ကိုသွားခဲ့တာပါ။ ပိုင်အိုလီ က ကျွန်တော့်ကို ‘ မင်းဘာဆက်လုပ်ချင်လဲ ’ ဆိုပြီး မေးခဲ့တယ်။ ‘ ကျွန်တော် ဆက်မကစားတော့ပါဘူး။ ဒီလောက် ဆိုတော်ပါပြီ ’ လို့ ပြန်ဖြေခဲ့ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။