အီတလီ စီးရီးအေရဲ့အင်အားကြီး အသင်းတွေထဲက တစ်သင်းအပါအဝင် ဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ ယမန်နေ့မှာ ကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ မီလန်ဒါဘီပွဲစဉ်မှာ အသင်းကို အနိုင်ရရှိအောင် ကူညီပေးခဲ့ပြီး နောက်မှာတော့ စီးရီးအေဖလား ဖြစ်တဲ့ စကူဒက်တိုဖလားကို အရယူဖို့ဟာ သူ့ရဲ့ ဆန္ဒတစ်ခု ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ အသက် ၃၉နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မိုဗစ်ဟာ ဘောလုံး ကစားသမားတစ်ဦး အတွက် နောက်ဆုံးအချိန်ကို ရောက်ရှိနေသူ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ အေစီမီလန်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနိုင်နေဆဲ ဖြစ်ကာ မီလန်ဒါဘီ မှာ အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သူပါ။

Photo Credit: Bein Sports

အေစီမီလန်အသင်းက အင်တာမီလန်အသင်းကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မိုဗစ်ဟာ ပွဲကစားချိန် ၁၃မိနစ်နဲ့ ၁၆မိနစ်တွေမှာ သွင်းဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ အေစီမီလန် အသင်းဟာ အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ အင်တာမီလန်အသင်း အတွက် တစ်လုံးထဲသော ချေပဂိုးကိုတော့ မိုဗစ်ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်တဲ့ လူကာကူက သွင်းယူပေးခဲ့တာပါ။ အဆိုပါပွဲ အပြီးမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မိုဗစ်က သူဟာ တစ်ကြိိမ်မှာ တစ်ပွဲကိုသာ အာရုံစိုက် ထားတာဖြစ်ပြီး စကူဒက်တို ချန်ပီယံဖလားကို အရယူဖို့ဟာ သူမျှော်မှန်းထားတဲ့ အရာတစ်ခု ဖြစ်ကြောင်း ဆိုသွားခဲ့ပါတယ်။

Photo Credit: Bein Sports

စကူဒက်တို ချန်ပီယံ ဖြစ်ချင်တဲ့ အကြောင်းကို မိုဗစ်က “ကျွန်တော်တို့ဟာ တစ်ကြိမ်မှာ တစ်ပွဲအကြောင်းကိုပဲ စဉ်းစားပါတယ်။ ပွဲစဉ်တိုင်းက ဗိုလ်လုပွဲတွေ အတိုင်းပါပဲ။ ကျွန်တော်အသင်းကို ရောက်တဲ့အချိန်တုန်းက အသင်းရဲ့ ပစ်မှတ်ဟာ ဥရောပဖလားဝင်ခွင့် ရဖို့ဖြစ်ပြီး အခုတော့ ကျွန်တော်တို့ ရခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ပစ်မှတ်တွေ ကတော့ ကွဲပြားမှုရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ပါဘူး။ (ရယ်လျက်) စကူဒက်တိုလား…။ ကျွန်တော့်ရဲ့ အမြင်မှာတော့ ဒါက ဖြစ်နို်င်ချေရှိတဲ့ အရာတစ်ခုပါ။ လူတစ်ဦးက သူဖြစ်နိုင်မယ်လို့ ယူဆထားတဲ့ အရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ ဖလားရအောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားတယ်။ အဆုံးသတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။ ဒီပြိုင်ပွဲက ရှည်လျားတဲ့ ပြိုင်ပွဲတစ်ခုပါ” ဆိုပြီး ကြုံးဝါး ပြောဆို သွားခဲ့ပါတယ်။