ဆွီဒင် ဝါရင့်ကစားသမားကြီး ဇလာတန်အီဘရာဟီမိုဗစ်က လက်ရှိ ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ သူ့အသင်းဖော်ဟောင်း လီယွန်နယ်မက်ဆီ ပါဝင်နေတဲ့ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်စေချင်တယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

Photo Credit : CNN

ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၀)ရက်နေ့က စတင် ကျင်းပလာခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အခုဆိုရင် ကွာတားဖိုင်နယ်အဆင့်ထိကိုတောင် ရောက်ရှိနေပြီဖြစ်ပြီး မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာလည်း ကွာတားမှာ နယ်သာလန်အသင်းနဲ့ တွေ့ဆုံနေပြီ ဖြစ်ပါတယ်။ မက်ဆီဟာ လက်ရှိမှာ ကစားသမားဘဝရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲနေရတာဖြစ်တာကြောင့် ဒီတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက်ဆီကို world cup ချန်ပီယံဆု ပိုင်ဆိုင်စေချင်နေကြပါတယ်။ အဲ့ဒီလို ဖြစ်စေချင်တဲ့ လူတွေထဲမှာ မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းကြီး မိုဗစ်လည်း အပါအဝင် ဖြစ်နေပြီး သူ့အသင်းဖော်ဟောင်း မက်ဆီကို ကမ္ဘာ့ဖလား ရရှိစေချင်တယ်လို့ မိုဗစ်ကိုယ်တိုင် ဝန်ခံပြောဆိုထားခဲ့ဖူးပါတယ်။

Photo Credit : Football Espana

“မက်ဆီကြောင့် အာဂျင်တီးနားကို ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်” လို့ မိုဗစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မိုဗစ်နဲ့ မက်ဆီတို့ဟာ ဘာစီလိုနာအသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေဖြစ်ပြီး မိုဗစ်ရဲ့ ဆွီဒင်အသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ထားခဲ့ရပါတယ်။ လက်ရှိမှာ အသက်(၄၁)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူးကြီး မိုဗစ်ဟာ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာခါစပြုနေပြီဖြစ်လို့ မကြာခင်မှာပဲ ဘောလုံးပြန်ကစားဖို့ ရှိနေတဲ့အပြင် ကစားသမားဘဝက အနားယူဖို့လည်း အစီအစဉ် မရှိသေးဘူးလို့ ပြောဆိုထားခဲ့ပါသေးတယ်။ မိုဗစ်ရဲ့ အသင်းဖော်ဟောင်း မက်ဆီမှာလည်း လက်ရှိမှာ အသက်(၃၅)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်လို့ ဒီတစ်ကြိမ် ကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးအကြိမ် ပါဝင်ဆင်နွဲရတဲ့ ကမ္ဘာ့ဖလား ဖြစ်နေတာကြောင့် ပိုမို အားထည့် ယှဉ်ပြိုင်နေသလို မက်ဆီရဲ့ အာဂျင်တီးနား အသင်းဖော်တွေကလည်း သူတို့ရဲ့ icon player ကြီးအတွက် ကမ္ဘာ့ဖလားဆုကို ဆွတ်ခူးပေးသွားချင်နေပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ဒီနေ့ညမှာပဲ နယ်သာလန်အသင်းနဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လူဆေးဘောလုံးကွင်းကြီးတွင် ယှဉ်ပြိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။