အေဂျက်အသင်းနဲ့အတူ ဥရောပဘောလုံး စင်မြင့်ပေါ်ကို တက်လှမ်းလာခဲ့ပြီး ချန်ပီယံလိဂ် ဖလားအောင်မြင်မှုကလွဲရင် နိုင်ငံစုံမှာ ဖလားပေါင်းများစွာကို ဆွတ်ခူးရယူနိုင်ခဲ့တဲ့ နတ်ဘုရားကြီး အီဘရာဟီမိုဗစ်ကတော့ ယခု ဘောလုံးရာသီကုန်ဆုံးတဲ့ အချိန်မှာ ကစားသမားဘဝကနေ အနားယူပြီး နည်းပြလောကထဲကို ဝင်ရောက်ဖို့အတွက် စဉ်းစားနေပြီလို့ အီတလီသတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၃၈နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကမှ အသင်းဟောင်း ဖြစ်တဲ့ အေစီမီလန်အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး တစ်နှစ် စာချုပ် ချုပ်ဆိုထားခဲ့ပေမယ့် ရာသီကုန်မှာ အသင်းကို စွန့်ခွာဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo Credit: Talksport.com

မိုဗစ်ဟာ သူ့ကို အေစီမီလန်အသင်းထံ ပြန်ပြီး ပြောင်းရွှေ့လာဖို့အတွက် စည်းရုံးခဲ့ရာမှာ အရေးပါတဲ့ နေရာတစ်ခုမှာ ရှိနေခဲ့တဲ့ အကြီးအကဲ တစ်ဦးဖြစ်သူ ဘိုဘန်ကို အေစီမီလန်အသင်းက ရာထူးကနေ ထုတ်ပယ်ခဲ့မှုအပေါ် မကျေမချမ်း ဖြစ်နေပြီး အဆိုပါကိစ္စကြောင့်ပ​ဲ အေစီမီလန် အသင်းကို စွန့်ခွာဖို့အတွက် ပြင်ဆင်လာတာ ဖြစ်တယ်လို့ အေစီမီလန်အသင်းနဲ့ ရင်းနှီးသူတွေက ဖွင့်ဟပြောကြားလာပါတယ်။ မိုဗစ်ဟာ အေစီမီလန်အသင်းထံကို ရောက်ရှိလာခဲ့အပြီးမှာ အသင်းအတွက် စီးရီးအေပွဲစဉ် ၈ပွဲ ပါဝင် ကစားပေးထားရာမှာ ၃ဂိုး သွင်းယူထားပြီး ၁ဂိုး ဖန်တီးပေးထားနိုင်ခဲ့ကာ သူ့ရဲ့ ဂိုးသွင်းစွမ်းရည် ကို ပြသထားနိုင်ဆဲ ဖြစ်ပြီး အေစီမီလန်အသင်းမှ ထွက်ခွာပါက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတချို့လည်း ရှိပါတယ်။

Photo Credit: Talksport.com

အီတလီသတင်းစာတွေရဲ့ ဖော်ပြချက်အရ မိုဗစ်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်သူ ဂတ်တူဆို နည်းပြအဖြစ် တာဝန် ယူနေတဲ့ နာပိုလီအသင်းဟာ မိုဗစ်ကို သူတို့ အသင်းထံ လာကစားဖို့ ကမ်းလှမ်းမှုတွေတောင် ပြုလုပ်နေပြီလို့ သိထားရပါတယ်။ ဒါပေမယ့် တချို့သတင်းထောက်တွေကတော့ မိုဗစ်ဟာ ကစားသမားဘဝကနေ အနားယူဖို့အထိ စဉ်းစားနေပြီဖြစ်ကြောင်းနဲ့ အနားယူဖြစ်ပြီးပါကလည်း နည်းပြလောကထဲကို ချက်ချင်းဝင်ဖို့ လုပ်ဆောင်နေပြီဖြစ်ကြောင်း ရေးသားဖော်ပြထားကြပါတယ်။ ကဲ ရောက်လေရာ အသင်းတွေမှာ သူမတူတဲ့ ဩဇာအာဏာနဲ့ အလုပ်လုပ် လေ့ရှိတဲ့ မိုဗစ်တစ်ယောက် ရာသီကုန်ရင် ဘယ်အသင်းကို သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။