အီတလီ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းက လာဇီယိုအသင်းကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဒုတိယ အနိုင်ဂိုး သွင်းပေးပြီးနောက် စီးရီးအေပြိုင်ပွဲမှာ အသက်အကြီးဆုံး ဂိုးသွင်းနိုင်တဲ့ နိုင်ငံခြားသား ဆိုတဲ့ စံချိန်ကောင်း တခုကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၉နှစ် အရွယ် အီဘရာဟီမိုဗစ်ဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး လာဇီယိုအသင်းနဲ့ ပွဲစဉ်မှာလည်း လူစားဝင် ကစားခွင့် ရပြီး ၇မိနစ်အတွင်းမှာပဲ သွင်းဂိုးတဂိုး ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Express

အီဘရာဟီမိုဗစ်ဟာ လာဇီယိုအသင်းနဲ့ပွဲစဉ်ကို ဝင်ရောက် ကစားတဲ့အချိန်မှာ အသက် ၃၉နှစ်နဲ့ ၃၄၄ရက် ရှိနေပြီ ဖြစ်တာကြောင့် ပေါ်တူဂီ ကစားသမားဟောင်း ဘရူနို အဲလ်ဗက်ရဲ့ အီတလီ စီးရီးအေပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အကြီးဆုံး နိုင်ငံခြားသား ဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်ရှိနေသေးတာကြောင့် လာမယ့်ပွဲစဉ်တွေမှာလည်း သူ့ရဲ့ သွင်းဂိုးတွေကို ထပ်မံ မြင်တွေ့ရဖွယ် ရှိနေပြီး အေစီမီလန်အသင်းရဲ့ နည်းပြ ပီအိုလီကတော့ အီဘရာဟီမိုဗစ်ဟာ ဘယ်တော့မှ အိုမင်းမသွားမယ့် ကစားသမားကောင်း တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Express

ပီအိုလီက – “အီဘရာဟီမိုဗစ်က ဘယ်တော့မှ အိုမင်းသွားမယ့် ကစားသမား မဟုတ်ပါဘူး။ သူ့မှာ နိုင်ပွဲတွေကို ဆာလောင်တဲ့ စိတ်ထားမျိုး ရှိပါတယ်။ သူ့ရဲ့ကိုယ်ထဲမှာ မီးတောက်တခုက အမြဲတမ်း တောက်လောင်နေပါတယ်။ သူက နိုင်ပွဲတွေ အတွက် ယှဉ်ပြိုင်နေတာပါ။ ပြီးတော့ လေ့ကျင့်ရေးကွင်းမှာလည်း အကောင်းဆုံး ဖြစ်အောင် အမြဲတမ်း ကြိုးစားတတ်ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။