ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးဟောင်းကြီး ဖြစ်သူ အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ အေစီမီလန် အသင်းထံ လွန်ခဲ့တဲ့ တစ်နှစ်ကမှ တစ်ကျော့ပြန် ပြန်လည် ရောက်ရှိခဲ့တာ ဖြစ်ပြီးတော့ အေစီမီလန် အသင်းရဲ့ အင်အားဟာ မိုဗစ်ရောက်ပြီး နောက်ပိုင်းမှာ ပိုမို တောင့်တင်းလာခဲ့ပါတယ်။ အေစီမီလန် အသင်းရဲ့ နည်းပြဖြစ်သူ စတီဖာနို ပီအိုလီ ကတော့ အခုလို အသင်းရဲ့ အင်အား ပိုမို တောင့်တင်းလာမှု အပေါ် ကျေနပ်နေပြီး အီဘရာဟီမိုဗစ်ကိုလည်း ချီးကျုး ခဲ့ပါတယ်။ ဇလာတန် အီဘရာဟီမိုဗစ် အသင်းကို ရောက်ရှိလာတာဟာ အသင်းကို ပြောင်းလဲ ဖွဲ့စည်းရာမှာ အကူအညီ ဖြစ်ခဲ့ပြီးတော့ ဇလာတန်ဟာ ဘုရားသခင်ပေးတဲ့ လက်ဆောင် ဖြစ်တယ်လို့ နည်းပြ ဖြစ်သူ ပီအိုလီ က ဆိုပါတယ်။

Photo Credit: Standard

အီဘရာဟီမိုဗစ်ဟာ လွန်ခဲ့တဲ့ ၁ နှစ်လောက်က အီတလီရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ အေစီမီလန် အသင်းမှာ ဒုတိယအကြိမ်မြောက် ကစားဖို့အတွက် ဆန်စီရို ကို ပြန်လာခဲ့ကာ ပထမဆုံးပွဲဦးထွက်ကို ဇန်နဝါရီ ၆ ရက်နေ့ ဆမ်ဒိုးရီးရား အသင်းနဲ့ ပွဲစဉ်မှာ စတင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ် ဟာ အသင်းကို ရောက်ရှိတဲ့ အချိန်ကစတင်ပြီးတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ ၂၀၂၀ ခုနှစ်အတွင်းကစားတဲ့ စီးရီးအေ ၂၄ ပွဲမှာ သွင်းဂိုး ၂၀ အထိ သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆီရို အင်မိုဘိုင်းလီ ( ၃၃ ပွဲပါဝင်ကစားပြီး ၃၄ ဂိုးသွင်းယူ )၊ ခရစ္စတီယာနို ရိုနယ်ဒို( ၂၉ ပွဲပါဝင်ကစားပြီး ၃၈ ဂိုးသွင်းယူ ) စတဲ့ ကစားသမား ၂ ဦးကသာ အီဘရာဟီမိုဗစ် ထက် ပိုကောင်းတဲ့ ပမာဏရရှိအောင် စွမ်းဆောင်ပြ နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Standard

အီဘရာဟီမိုဗစ်ဟာ ပထမရာသီဝက်အတွင်း ကစားခဲ့တဲ့ ၆ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ထိုအထဲကမှ သွင်းဂိုး ၂ ဂိုးကိုတော့ သူဒဏ်ရာမရရှိခင် နောက်ဆုံး ကစားခဲ့တဲ့ နာပိုလီ အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ အီဘရာဟီမို‌ဗစ်ကို ပထမ‌ဆုံး ၈ ပွဲကစားပြီး စီးရီးအေရဲ့ ဒုတိယမြောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်တဲ့ ဂန်းနားနော်ဒါလ် ရဲ့ စံချိန်နဲ့ တူညီသွားစေခဲ့ပါတယ်။ ပထမကစားသမားကတော့ ၁၉၉၂-၉၃ က ၁၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မာကို ဗန်ဘေ့စတန် ဖြစ်ပါတယ်။ ဒါ့အပြင် အီဘရာဟီမိုဗစ်ဟာ စီးရီးအေ ပထမဆုံး ၈ ပွဲအတွင်း အနည်းဆုံး ၁၀ ဂိုး သွင်းယူနိုင်တဲ့ အသက်ကြီးဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ် ရဲ့ အခုလိုခြေစွမ်းတွေအပေါ် နည်းပြ ပီအိုလီ က အခုလိုပဲ ချီးကျုးစကားဆိုခဲ့ပါတယ်။ “ သူ အသင်းကို စရောက်တော့၊ အဲ့ဒါက အလွန်ကို တန်ဖိုးရှိတဲ့ အခိုက်အတန့်ဆိုတာ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ သူဟာ ဘုရားသခင်က ပေးလိုက်တဲ့ လက်ဆောင်ပဲ။ သူက အသင်းမှာ အဲ့ဒီအချိန်တုန်းက ရှိမနေတဲ့ ခွန်အားမျိုးတွေကို ပေးနိုင်ခဲ့တယ် ” လို့ ဘီနီဗန်တို အသင်းနဲ့ ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။