အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အေစီမီလန် အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ မကြာမီကမှ အသစ် ထွက်ရှိ ထားတဲ့ Sony ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ဂိမ်းစက်ဖြစ်တဲ့ PS-5 တစ်လုံးများကို မှာယူကာ အသင်းဖော် တစ်ဦးချင်းစီအား လက်ဆောင် ပေးခဲ့ကြောင်း သိရှိ ရပါတယ်။ အသက် ၃၉နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ကစားသမား တစ်ဦးအတွက် နေဝင်ချိန်ကို ရောက်ရှိနေတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ဂိုးသွင်း ခြေစွမ်းကောင်း တစ်ခုကို ပိုင်ဆိုင် ထားသူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ အေစီမီလန် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားနိုင်သူပါ။

Photo  Credit: Daily Record

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အီဘရာဟီမိုဗစ်ဟာ အေစီမီလန် အသင်းမှာ လုပ်ခလစာ အများဆုံး ရရှိနေတဲ့ ကစားသမား တစ်ဦး ဖြစ်သလို သူဟာ စီးရီးအေ ပြိုင်ပွဲရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ၁၀ဦးစာရင်းမှာ ပါဝင်ကြောင်းလည်း မှတ်တမ်းတွေ အရ သိရပါတယ်။ ဒါပေမယ့် အီဘရာဟီမိုဗစ် ကတော့ သူရရှိတဲ့ ငွေကြေးတွေကို သူ တစ်ဦးထဲ သုံးစွဲပုံ မရပါဘူး။ နောက်ဆုံး ရရှိထားတဲ့ သတင်းတေွ အရတော့ အီဘရာဟီမိုဗစ်ဟာ Sony ကုမ္ပဏီကနေ ဖြန့်ချိတဲ့ Play Station 5 ဂိမ်းစက်တွေကို ကြိုတင် မှာယူခဲ့ပြီး သူ့ရဲ့ ကလပ် အသင်းဖော်တွေကို တစ်ယောက် တစ်လုံးစီ လက်ဆောင် ပေးခဲ့ကြောင်း သိရပြီး မိုဗစ်ရဲ့ အသင်းဖော်တွေ ကလည်း မိုဗစ်ပေးတဲ့ လက်ဆောင်ကြောင့် အပျော်ကြီး ပျော်နေကြကြောင်း သိရပါတယ်။

Photo  Credit: Daily Record

လှပကျစ်လျစ်ကာ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ Sonyရဲ့ Play Station 5 ဟာ လက်ရှိ ဥရောပမှာ နာမည် အကြီးဆုံး ဂိမ်းစက်တစ်ခု ဖြစ်နေပြီး Sony ကုမ္ပဏီဟာ PS 5 ကို ယမန်နေ့ကမှ စတင် ဖြန့်ချိခဲ့တာ ဖြစ်ပေမယ့် များပြားလှတဲ့ လက်လီ အရောင်းဆိုင်တွေမှာ ကုန်ဆုံးသွားပြီ ဖြစ်ကာ ဝယ်ယူဖို့ ခက်ခဲတဲ့ ဂိမ်းစက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အေစီမီလန် အသင်းရဲ့ ကစားသမားတွေဟာ မိုဗစ်ရဲ့ လက်ဆောင်ကို အတော်လေး သဘောကျနေသလို မိုဗစ်ကိုလည်း သူတို့ရဲ့ လူမှုကွန်ယက်အကောင့်တွေ ကနေ တဆင့် ကျေးဇူးတင် စကားတွေ ဆိုခဲ့ကြပါတယ်။ လက်ရှိမှာတော့ အေစီမီလန် အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ မူဆက်ချီယို ၊ ကတ်စတယ်လီဟိုနဲ့ လီအိုတို့ဟာ သူတို့ရရှိတဲ့ လက်ဆောင်ပုံတွေကို တွစ်တာအကောင့်တွေမှာ တင်ကာ မိုဗစ်ကို ကျေးဇူးတင် စကား ပြောကြား ထားကြပါတယ်။