အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အေစီမီလန် အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဖြစ်တဲ့ အီဘရာဟီမိုဗစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နာပိုလီအသင်းနဲ့ အေစီမီလန် အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးသွင်းစံချိန် တစ်ခုကို ရယူနိုင်ခဲ့ကြောင်း သိရှိ ရပါတယ်။ လက်ရှိမှာ အသက် ၃၉နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မိုဗစ်ဟာ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေသူ ဖြစ်ပေမယ့် သူ့ရဲ့ သွင်းဂိုးတွေ ကတော့ ရပ်တန့် သွားခြင်း မရှိပဲ လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေပွဲစဉ် ၆ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၀ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါ့ကြောင့်ပဲ မိုဗစ်ဟာ စီးရီးအေ ပွဲစဉ်၈ အပြီးမှာ အနည်းဆုံး စီးရီးအေ သွင်းဂိုး ၁၀ဂိုး ပြည့်မြောက်တဲ့ အသက်အကြီးဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၉နှစ် အရွယ် မိုဗစ်ဟာ ကိုရိုနာဗိုင်းရပ် ကူးစက် ခံခဲ့ရတာကြောင့် အေစီမီလန် အသင်းရဲ့ ပွဲစဉ် ၂ပွဲကို လွဲချော်ခဲ့ရပေမယ့် ၆ပွဲ ကစားပြီး သွင်းဂိုး ၁၀ဂိုးအထိ ရယူနိုင်ခဲ့ကာ ၁၉၄၂-၁၉၄၃ ဘောလုံးရာသီမှာ လာဇီယို ကစားသမား ပီအိုလာရဲ့ အသက် ၂၉နှစ် အရွယ်နဲ့ စီးရီးအေ ပွဲစဉ် ၈ အပြီးမှာ အနည်းဆုံး စီးရီးအေ သွင်းဂိုး ၁၀ဂိုး ပြည့်မြောက်တဲ့ အသက်အကြီးဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ကျော်ဖြတ် နိုင်ခဲ့တာပါ။

Photo Credit: Express

မိုဗစ်ရဲ့ သွင်းဂိုးတွေကြောင့်ပဲ အေစီမီလန် အသင်းဟာ ပွဲစဉ် ၈ အပြီးမှာ ၈ပွဲ ကစား ၆ပွဲနိုင် ၂ပွဲသရေ ရှုံးပွဲမရှိ ဆိုတဲ့ မှတ်တမ်း တစ်ရပ်နဲ့ စီးရီးအေ ပြိုင်ပွဲရဲ့ အဆင့် ၁နေရာမှာ ရမှတ် ၂၀နဲ့ ရပ်တည် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နာပိုလီ အသင်းနဲ့ ပွဲစဉ်မှာ မိုဗစ် ဒဏ်ရာ ရရှိသွားတာဟာ အေစီမီလန် အသင်း အတွက် နစ်နာစရာ ဖြစ်ခဲ့ပြီး မိုဗစ်ဟာ ခြေသလုံး ကြွက်သား ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ လက်ရှိမှာတော့ အေစီမီလန် အသင်းဟာ မိုဗစ်ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး အခြား ကစားသမားတွေလို အသက် ၃၅နှစ် ကျော်သွားချိန် ခြေစွမ်းပိုင်း ကျဆင်းသွားခြင်း မရှိပဲ ဂိုးသွင်းစက် တစ်လုံးအဖြစ် ခြေစွမ်းပြနေဆဲ ဖြစ်တဲ့ မိုဗစ်ကို နှစ်ကြာလေ ကောင်းလေ ဖြစ်တဲ့ ဝိုင်တစ်ခွက်နဲ့ တင်စားလိုက်ပါရစေ…။