အီတလီ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်အသင်းရဲ့ အဓိက တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ် ကတော့ သူဟာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ရွှေဘောလုံးဆုကို မရခဲ့တာက သူ ညံ့လို့မဟုတ်ပဲ ရွှေဘောလုံးဆုကသာ သူနဲ့ မထိုက်တန်တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

နတ်ဘုရားကြီးလို့ ထင်ရှားတဲ့ ဇလာတန် အီဘရာဟီမိုဗစ်ဟာ အသက် ၃၉နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်သလို ကရာတေး ကန်ချက်တွေနဲ့ လှပတဲ့ သွင်းဂိုးတွေကို သွင်းယူနေဆဲ ထိပ်တန်း တိုက်စစ်မှူး တဦးပါ။

Photo Credit: Express

အီဘရာဟီမိုဗစ်ဟာ သူနဲ့ ခေတ်ပြိုင် ကစားသမား အများစု အနားယူသွားသည့်တိုင် စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် ခြေစွမ်းပြနေဆဲ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အေစီမီလန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မိုဗစ်ဟာ စကားပြောကောင်းသူ တဦး ဖြစ်ပြီး သူ ပြောလိုက်တဲ့ စကားတွေထဲမှာ ဟာသတွေ ပါသလို သူ့ကိုယ်သူ ဘယ်လောက် ယုံကြည်မှု ရှိလဲ ဆိုတာတွေကိုပါ မြင်တွေ့နိုင်ကာ သူ့ရဲ့ စကားတွေကို သဘောကျတဲ့ ဘောလုံးပရိသတ်တွေလည်း ဒုနဲ့ဒေးပါပဲ။

Photo Credit: Express

လက်ရှိမှာတော့ အီဘရာဟီမိုဗစ်ဟာ ရာသီသစ်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ဖို့ သူ့ရဲ့ ကြံ့ခိုင်မှုကို အလေးထား လေ့ကျင့်နေပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာဆိုရင် သူ့ရဲ့ ဝသီအတိုင်းပဲ သူဟာ ထူးရှယ် ခြေစွမ်းကို ပိုင်ဆိုင်ထားပေမယ့် ဘာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို မရခဲ့တာလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က – “ ပင်ကိုယ် အရည်အချင်းနဲ့ ပတ်သတ်လာရင် ကျွန်တော်က ခရစ္စတီယာနို ရိုနယ်ဒို ၊ မက်ဆီတို့ထက် မနိမ့်ကျပါဘူး။ ကျွန်တော်က ရွှေဘောလုံးဆုနဲ့ လွဲခဲ့တာလား။ မဟုတ်ပါဘူး။ ရွှေဘောလုံးဆုကသာ ကျွန်တော်နဲ့ လွဲခဲ့တာပါ။ သေသေချာချာ တွေးကြည့်ရင် ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ကိုယ့်ကိုယ်ကိုယ် ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။