အေဂျက် ၊ ဘာစီလိုနာ ၊ အေစီမီလန် ၊ မန်ယူ စတဲ့ ဥရောပရဲ့ ထိပ်တန်းအသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ ဘောလုံးလောကမှာ သူမတူတဲ့ စကားတွေကို ပြောကြားလေ့ ရှိသူတစ်ဦးပါ။ မိုဗစ်ဟာ သေသပ်လှပတဲ့ လေပေါ်ကန်ချက်တွေနဲ့ နာမည်ကြီးတဲ့ ဘောလုံးသမား တစ်ဦးဖြစ်သလို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်တာကိုလည်း သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းတွေက သက်သေ ပြနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက်၃၈နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ အသင်းဟောင်း အေစီမီလန် အသင်းထံကို ပြီးခဲ့တဲ့ ရာသီဝက် အပြောင်းအရွှေ့ ဖြစ်တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာမှ ပြန်လည် ရောက်ရှိခဲ့သူ ဖြစ်ပြီး စီးရီးအေပြိုင်ပွဲ မှာ ခြေစွမ်းပြ ကစားနေနိုင်တဲ့ ကစားသမားပါ။

Photo Credit: Standard

ယနေ့ မနက်မှာ ကစားခဲ့တဲ့ အေစီမီလန် အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အေစီမီလန် အသင်းက ဂျူဗင်တပ်အသင်းကို လေးဂိုး နှစ်ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ် ပြီးဆုံးသွားချိန်မှာတော့ မိုဗစ် ဟာ သူ့ရဲ့ ဝသီအတိုင်းပဲ မော်ကြွားတဲ့ စကားတချို့ကို ပြောသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အေစီမီလန်အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ ၂ဂိုးပြတ် ဦးဆောင်မှုကို ခံခဲ့ရပြီး မိုဗစ် ဦးဆောင်တဲ့ အေစီမီလန်အသင်းရဲ့ တိုက်စစ်ဟာ ၆၂မိနစ်ကနေ ၆၇မိနစ်ဆိုတဲ့ အချိန်အတွင်းမှာ ချေပဂိုး ၂ဂိုး အပြင် ဦးဆောင်ဂိုး တစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ပွဲသိမ်းဂိုးကိုလည်း ပွဲချိန် မိနစ်၈၀မှာ သွင်းယူခဲ့ပါသေးတယ်။ အဆိုပါပွဲမှာ မိုဗစ်ဟာ အေစီမီလန်အသင်းရဲ့ ပထမချေပဂိုးကို ပွဲချိန် ၆၂မိနစ်မှာ ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့သလို ဒုတိယ ချေပဂိုး ဖြစ်တဲ့ ၆၆ မိနစ်မှာ ကတ်ဆီ သွင်းယူခဲ့တဲ့ ဂိုးကိုလည်း ဖန်တီး ပေးနိုင်ခဲ့ပါတယ်။

 

Photo Credit: Standard

အေစီမီလန်အသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၆၇မိနစ်မှာ လီအိုနဲ့ ပွဲချိန် ၈၀မိနစ်မှာ ရီဘစ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် သွင်းဂိုး ၂ဂိုးကိုတော့ ပွဲချိန် ၄၇မိနစ်မှာ ရာဘီယော့စ်နဲ့ ပွဲချိန် ၅၃မိနစ် မှာ စီရိုနယ်ဒိုတို့က သွင်းယူခဲ့ကြတာပါ။ အဆိုပါ ပွဲစဉ်ပြီးဆုံး ချိန်မှာတော့ မိုဗစ်က သူသာ အေစီမီလန်အသင်းဆီကို ရာသီစထဲက ရောက်ရှိခဲ့ရင် အေစီမီလန်အသင်းဟာ စီးရီးအေချန်ပီယံဆုကို ပါ ရယူနိုင်တယ်လို့ မော်ကြွားသွားခဲ့ပါတယ်။ မိုဗစ်က ” ကျွန်တော်က အသင်းရဲ့ ခေါင်းဆောင် ၊ နည်းပြ ၊ ကစားသမား စတဲ့ အလုပ်တွေကို လုပ်ရပေမယ့် သူတို့က ကျွန်တော့်ကို ဘောလုံးသမားတစ်ယောက်ရဲ့ လစာပဲ ပေးကြတယ်ဗျာ။ တကယ်လို့ ကျွန်တော်သာ ရာသီအစထဲက အသင်းမှာ ရှိနေခဲ့ရင် အသင်းဟာ စကူဒက်တို ဖလား(စီးရီးအေချန်ပီယံဆု) ကို ရယူပြီးလောက် ပါပြီ ” လို့ မော်ကြွားသွားခဲ့တာပါ။