ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်စဉ် ကတည်းက သူ ခေါ်ယူချင်ခဲ့တဲ့ စပါးအသင်းရဲ့ ကွင်းလယ်လူဟောင်း အဲရစ်ဆင်ကို ခေါ်ယူဖို့ အတွက် ကြိုးစားသွားမယ် လို့ သိရပါတယ်။ အသက် ၂၈နှစ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ စပါးအသင်း ကနေ အီတလီ အင်အားကြီး အသင်းဖြစ်တဲ့ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပေမယ့် အသင်းသစ်မှာ ထင်ထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိသလို အင်တာမီလန် အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ရရှိထားပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် ဆရာဟောင်း ပိုချက်တီနို ရှိတဲ့ ပြင်သစ် အင်အားကြီး အသင်း ပီအက်စ်ဂျီ အသင်းဟာ ကြိုးစားနေသလို အသင်းဟောင်း စပါးအသင်းကပါ ကြိုးစားလာပါတယ်။ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုဟာ လက်ရှိ ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ အလီကို ရောင်းချကာ နောက်ထပ် ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူချင်နေပြီး နာမည်ကြီး အီတလီ သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Italia သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မော်ရင်ဟိုဟာ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အဲရစ်ဆင်ကို ခေါ်ယူဖို့ ကြိုးစား နေကြောင်း သိရှိရပါတယ်။

Photo Credit: Daily Mail

မော်ရင်ဟိုဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ရိုးရှင်းတဲ့ ပေးပို့မှုတွေနဲ့ တစ်ဖက်အသင်းရဲ့ ခံစစ်ကြောင်းကို အန္တရာယ် ပေးနိုင်မယ့် ကစားသမား တစ်ဦးကို ခေါ်ယူချင်နေတာ ဖြစ်ပြီး အဲရစ်ဆင်ကို ခေါ်ယူရာမှာ ငွေကြေး အနည်းငယ်ကိုသာ ပေးချေရမှာ ဖြစ်သလို အဲရစ်ဆင်ဟာ အသင်းရဲ့ ကစားသမားတွေနဲ့လည်း ဆက်ဆံရေး အဆင်ပြေတာကြောင့် စပါးအသင်းရဲ့ တာဝန်ရှိသူတွေဟာလည်း အဲရစ်ဆင်ကို ခေါ်ယူမယ့် ဆုံးဖြတ်ချက်ကို သဘောတူကြကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ သူ့ရဲ့ တပည့်ဟောင်း နှစ်ဦးဖြစ်တဲ့ အလီနဲ့ အဲရစ်ဆင်တို့ထဲက တစ်ဦးကို ခေါ်ယူချင်နေတာကြောင့် စပါးအသင်းဟာ အဲရစ်ဆင်ကို ခေါ်ယူပြီး မော်ရင်ဟိုနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတဲ့ အလီကို ပြန်လည် ရောင်းချပါက စပါးအသင်းဟာ အဲရစ်ဆင်ကို ပြိုင်ဘက်မရှိပဲ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။