လီဗာပူးလ်နဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဂျွန်ဘမ်းစ်ကတော့ ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်ပြီး ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယား အဆင့်(၂)နေရာကို ရောက်ရှိနေရတဲ့ စပါးအသင်းက ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းဖြစ်နေမှာမဟုတ်ပဲ ချန်ပီယံဆုအတွက်ကို မန်စီးတီးနဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်း (၂)သင်းကပဲ ဆက်လက်ပြိုင်ဆိုင်နေရဦးမှာလို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

စပါးအသင်းဟာ ဒီရာသီမှာ အဖွင့်ပွဲစဉ်အတွင်း အဲဗာတန်ကို အရေးနိမ့်ခဲ့ပြီးနောက်ပိုင်းကတည်းက ရှုံးပွဲလုံးဝ မရှိတော့ပဲ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)ပွဲဆက်တိုက်ကို အနိုင်ရခဲ့ပြီး အဆင့်(၂)နေရာအထိ တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဘောလုံးနယ်ပယ်အတွင်းက ဘောလုံးပရိသတ်တွေ ဘောလုံးပွဲသုံးသပ်သူတွေကနေ စပါးကို ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်လာနိုင်မယ့် အသင်းတစ်သင်းလို့ သတ်မှတ်လာခဲ့ကြပေမယ့် ဂျွန်ဘမ်းစ်ကတော့ စပါးကို ဒီလို ချန်ပီယံစိန်ခေါ်နိုင်မယ့်အသင်းလို့ မမြင်မိကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဂျွန်ဘမ်းစ်က “စပါးက အရမ်းကို ကောင်းမွန်နေပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် အသင်းတွေအဖြစ် ဆက်လက်ပြီး ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ ဝက်ဘရွန်းနဲ့ ကစားသွားခဲ့တဲ့ပွဲမှာ သူတို့ရဲ့ကစားဟန်က နိုင်ပွဲပျောက်ဆုံးပြီး အလွယ်တကူ ရှုံးသွားလောက်တဲ့အထိပဲ။ သူတို့အသင်းက ပွဲတိုင်းကို ခြေစွမ်းပိုင်း ညီညီညွတ်ညွတ်နဲ့ ကစားနိုင်ခြင်း မရှိဘူး။ သွင်းဂိုးတွေကိုလည်း ပုံမှန်သွင်းယူဖို့ ရုန်းကန်ရတယ်။ အခု သူတို့ကတော့ သူတို့မျှော်လင့်ချက်ထက် အထက်ကို ရောက်လို့နေတာကြောင့် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းလို့ပါ ထင်လာခဲ့ရတာပါ။ ဒါပေမယ့် သူတို့က ဒီရာသီမှာ Top 2 အတွင်း ဝင်နိုင်မှာမဟုတ်ဘူး။ သူတို့က အခြားအသင်းတွေလို အသင်းလိုက် ဟန်ချက်ညီမှုနဲ့ အသင်းလိုက်ကစားပုံအပိုင်းမှာ အားနည်းလို့နေပါတယ်။ ကစားသမားတွေဟာလည်း ဒီမှာ ကစားနေရတာကို မပျော်ရွှင်နေတဲ့ ပုံစံမျိုးတွေ ဖြစ်နေကြတယ်။ ဒါကြောင့် စပါးအနေနဲ့ အလွယ်တကူ အမှတ်လျော့ဖို့က ဖြစ်လာနိုင်ပါတယ်။ စိတ်ပိုင်းအားရာ အားကောင်းမှုက အသင်းတစ်သင်းအတွက် အားဖြစ်စေနိုင်ပါတယ်။ စပါးအသင်းအတွက်ကတော့ အဆင့်(၃)နဲ့(၄)နေရာလောက်ကိုပဲ အမြင့်မားဆုံးအဖြစ်နဲ့ပဲ မျှော်မှန်းထားနိုင်မှာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။