ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဘရိုက်တန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဟယ်ရီကိန်းရဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး သတင်းထောက်တစ်ဦးရဲ့ မေးမြန်းခြင်းခံခဲ့ရတဲ့ စပါးအသင်းရဲ့နည်းပြ ဟိုဆေးမော်ရင်ဟိုက ပင်နယ်တီတွေနဲ့ပတ်သက်ရင် မန်ချက်စတာယူနိုက်တက် မန်စီးတီး လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတွေရဲ့ ကစားသမားတွေအကြောင်းကိုသာ ပြောသင့်တယ်လို့ ဝေဖန်ပြောဆိုခဲ့တဲ့အပေါ် သူ့အနေနဲ့ကတော့ မအံ့သြမိဘူးလို့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Independent

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇) စပါးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ပွဲစဉ်အတွင်းမှာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းက ရည်ရွှယ်ချက်ရှိရှိနဲ့ ပင်နယ်တီကန်ခွင့်ရအောင် လုပ်ဆောင်သွားခဲ့တယ်ဆိုပြီး ဝေဖန်နေကြသလို ဒီပင်နယ်တီနဲ့ပတ်သက်ပြီး မော်ရင်ဟိုကို သတင်းထောက်တွေက မေးမြန်းလာခဲ့ရာမှာလည်း မော်ရင်ဟိုက ယူနိုက်တက် မန်စီးတီး ချယ်လ်ဆီး လီဗာပူးလ်အသင်းသားတွေကသာ ပင်နယ်တီရဖို့အတွက် ဟန်ဆောင်တတ်လေ့ရှိတယ်ဆိုတဲ့ သဘောမျိုးကို သက်ရောက်စေတဲ့ စကားကိုသာ စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဒီလိုစွပ်စွဲစကားနဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြလမ်းပတ်က “ဒီမှတ်ချက်စကားနဲ့ပတ်သက်ပြီးတော့ ကျွန်တော်မအံ့သြမိပါဘူး။ ဒီနှစ််ဘောလုံးရာသီထဲ ချယ်လ်ဆီးအသင်းဘက်က ရရှိခဲ့တဲ့ ပင်နယ်တီတွေထဲမှာတော့ ဒိုင်ဗင်ထိုးပြီး ရယူခဲ့တာမျိုးတော့ မရှိခဲ့ဘူးဆိုတာ ကျွန်တော်မျက်မြင်ပါပဲ။ ဒါပေမယ့် ဟိုဆေးရဲ့မှတ်ချက်စကားကိုတော့ မအံ့သြမိပါဘူး။ ဒါက သာမာန်အတိုင်းပါပဲ။ ဒီလို ပင်နယ်တီတွေနဲ့ပတ်သက်ရင် အခြားအသင်းတွေကလည်း ကိုယ့်အသင်းက ကစားသမားတွေထက် အခြားကစားသမားတွေအကြောင်းကိုပဲ ပြောကြမှာလေ။ အခုစကားတွေကလည်း ကျွန်တော်တို့အသင်းအတွက် ဘာမှမထိရောက်စေပါဘူး။ ကျွန်တော်အနေနဲ့ ဟိုဆေးကိုရော တခြားနည်းပြတွေကိုပါ သတင်းစာရှင်းလင်းပွဲ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုလည်း မပြောလိုပါဘူး။ ကျွန်တော်တို့အနေနဲ့ ပင်နယ်တီဆုံးဖြတ်ချက်တွေကို ကြည့်ရှုတဲ့အခါကျရင် ဘယ်ပင်နယ်တီက ပေးကိုပေးသင့်တယ်။ ဘယ်ပင်နယ်တီက ဒိုင်ဗင်ထိုးပြီး ရယူခဲ့တာလဲ။ ဘယ်ပင်နယ်တီကတော့ မျက်နှာသာလိုက်ပြီး ပေးခဲ့တယ်ဆိုတာကို ကွဲကွဲပြားပြား သိနိုင်တာပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ လမ်းပတ်ရဲ့ချယ်လ်ဆီးအသင်းက ရှက်ဖီးယူနိုက်တက်အသင်းနဲ့ တွေ့ဆုံသွားရမှာဖြစ်ပြီး မော်ရင်ဟိုရဲ့ စပါးကတော့ ဝက်ဘရွန်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ (၂)သင်းလုံးက နိုင်ပွဲကိုယ်စီရရှိဖို့ အခြေအနေကောင်းနေပါတယ်။