လက်ရှိ စပါးအသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟိုဟာ တစ်ချိန်တုန်းက စပါယ်ရှယ်ဝမ်း အဖြစ် ကြွေးကြော်ခဲ့သူ တစ်ဦး ဖြစ်သလို နည်းပြဘဝမှာ မရဖူးတဲ့ ဖလား မရှိအောင်ကိုပဲ အောင်မြင်မှုများစွာ သိမ်းပိုက် နိုင်ခဲ့သူပါ။ နည်းပြဘဝမှာ ပေါ်တို ၊ ချယ်လ်ဆီး ၊ မန်ယူ ၊ အင်တာမီလန် ၊ ရီးရဲလ်မက်ဒရစ် နဲ့ စပါး တို့ကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ လက်ရှိ ကိုင်နေတဲ့ စပါးအသင်းက လွဲရင် သူ ကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ဖူး သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ မော်ရင်ဟို ဟာ ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံး နည်းပြတွေထဲက တစ်ဦး အဖြစ် သတ်မှတ် ခံထားရတာပါ။

Photo Credit: Marca

ဒါပေမယ့် လူတစ်ယောက်ရဲ့ ဘဝဟာ အမြဲတမ်း အောင်မြင်လေ့ မရှိပါဘူး။ အောင်မြင်မှုတွေ ရှိရင် ရှုံးနိမ့်မှုတွေ ရှိလာမှာက သဘာဝ ဖြစ်သလို ရှုံးနိမ်မှုတွေနဲ့ ရင်ဆိုင် ပြီးရင်လည်း အောင်မြင်ခြင်းက ကိုယ့်ဆီကိုယ် ပြန်လည် ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဘောလုံးလောကရဲ့ စပါယ်ရှယ်ဝမ်း အဖြစ် သတ်မှတ် ခံထား ရပေမယ့် သူ့ရဲ့ နည်းပြဘဝ မှာလည်း အဆိုးရွားဆုံး အခိုက်အတန့်တွေ ရှိခဲ့ဖူးကြောင်း မော်ရင်ဟိုက ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။ မော်ရင်ဟို ပြောပြခဲ့တဲ့ နည်းပြ ဘဝမှာ သူ့ရဲ့ အဆိုးရွားဆုံး အခိုက်အတန့် ကတော့ ၂၀၁၂ ခုနှစ် ရီးရဲလ်မက်ဒရစ် အသင်းကို ကိုင်တွယ်စဉ်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး အဆိုပါ ဘောလုံး ရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာဟာ မော်ရင်ဟိုရဲ့ ဘဝမှာ အဆိုးရွားဆုံး အခိုက်အတန့်ပဲ ဖြစ်ပါတယ်။

Photo Credit: Marca

သူ့ရဲ့ နည်းပြဘဝမှာ အမှတ်ရနေမိတဲ့ အဆိုးရွားဆုံး အခိုက်အတန့် အကြောင်းကို မာကာ သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက အခုလိုပဲ ပြောပြ သွားခဲ့ပါတယ်။ မော်ရင်ဟိုက ” တကယ်လို့ ကျွန်တော့်ရဲ့ နည်းပြ ဘဝမှာ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုကို ရွေးပေး ရမယ် ဆိုရင် မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာကို ရွေးမိမှာပါ။ အဲ့ဒီ အချိန်တုန်းက ကျွန်တော်တို့ဟာ ဥရောပရဲ့ အကောင်းဆုံး အသင်း အဖြစ် ရှိနေခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီး သံသယ ဝင်စရာကို မလိုတာပါ။ ကျွန်တော်တို့ဟာ ရှိသမျှ စံချိန်တွေကို ရိုက်ချိုးပြီး လာလီဂါကို သိမ်းပိုက်ခဲ့ကြတယ်။ ဒီတော့ ကျွန်တော်တို့သာ ဖိုင်နယ်ကို ရောက်ခဲ့မယ် ဆိုရင် ကျွန်တော်တို့ ဗိုလ်စွဲမယ် ဆိုတာ သံသယ ရှိစရာကို မလိုအပ်ပါဘူး ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။ အဆိုပါ ၂၀၁၂ ဘောလုံးရာသီ မှာ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့တဲ့ အသင်း ကတော့ မော်ရင်ဟိုရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းပဲ ဖြစ်ပါတယ်။