ဖီနာဘာချီအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုဆေး မော်ရင်ဟိုက မနက်ဖြန် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ထိပ်တိုက် ရင်ဆိုင်သွားရတော့မယ့် သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ယူနိုက်တက်ကို အောင်မြင်မှု ပြန်လည် ရရှိစေချင်တယ်လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းနဲ့ သူ့အသင်းဟောင်း ယူနိုက်တက်တို့ဟာ မနက်ဖြန်ညမှာပဲ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်ပြီး ဒါက မော်ရင်ဟို စပါးကို ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း အသင်းဟောင်း ယူနိုက်တက်နဲ့ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံရမယ့် ပွဲစဉ်လည်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : TEAMtalk

မော်ရင်ဟိုက ယူနိုက်တက်မှာ နည်းပြကြီး လူးဝစ် ဗန်ဟားလ်နေရာကို အစားဝင်လာခဲ့တာဖြစ်ပြီး သူရဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ ကွန်မြူနတီဒိုင်း လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့ပေမယ့် သူရဲ့ တတိယမြောက်ရာသီ ကျိန်စာကြောင့်ပဲ တတိယရာသီ ရာသီဝက်မတိုင်ခင်မှာပဲ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

ယူနိုက်တက်ကနေ ထုတ်ပယ်ခံရပြီး စပါး ရိုးမားအသင်းတွေကို ဆက်လက် ကိုင်တွယ်ရင်းနဲ့ အဲ့ဒီအသင်းတွေမှာပါ ထပ်မံ ထုတ်ပယ်ခံရသေးတဲ့ မော်ရင်ဟိုက အခုတော့ ဖီနာဘာချီအသင်းဆီ ရောက်ရှိနေပြီ ဖြစ်သလို သူ့အသင်းဟောင်း ယူနိုက်တက်နဲ့လည်း ပြန်လည် ဆုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

“လာမယ် အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အကောင်းဆုံးတွေ ဖြစ်ပါစေ အောင်မြင်မှုတွေ ရရှိပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်။ ကျွန်တော် ယူနိုက်တက်အသင်းမှာ ပျော်ရွှင်ရပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့က ယူရိုပါလိဂ်ဖလားလည်း ရခဲ့တယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာဆိုရင်လည်း အဆင့်(၂)ထိ ရောက်ခဲ့တယ်။”

“ကျွန်တော် အသင်းကနေ ထွက်ခွာသွားချိန်မှာတော့ ကလပ်အသင်းနဲ့ အသင်းပရိသတ်တွေအတွက် ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ပဲ စွန့်ခွာခဲ့တာပါ။ တကယ်လို့ မန်စီးတီးက အပြစ်ပေး အရေးယူခံရမယ်ဆိုရင် ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလားကို ရနိုင်မယ့် အခွင့်အရေးမျိုး ရှိနေပါတယ်။ အဲ့ဒီလိုသာ ဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော့်ကို ဆုတံဆိပ်နဲ့ အပိုဆုကြေးတွေ ပေးရပါမယ်။” လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။