မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ အားကစားရုပ်သံလိုင်းရဲ့ သုံးသပ်တင်ဆက်သူအဖြစ် လုပ်ဆောင်နေတဲ့ ဂယ်ရီနဖီးလ်က နည်းပြဟိုဆေးမော်ရင်ဟိုရဲ့စပါးအသင်းဟာ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း ရလဒ်ကောင်းတွေကို ဖော်ဆောင်ထားနိုင်ခဲ့ပြီး ၁၉၆၁ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အနေအထားရောက်နေခြင်းဟာ မော်ရင်ဟိုရဲ့အသင်းဟောင်းတွေဖြစ်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရိသတ်တွေအတွက် သတိပေးခေါင်းလောင်းတစ်ခုလိုပဲလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : BBC

ဂယ်ရီနဖီးလ်က “ကျွန်တော် လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက စပါးအသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်နိုင်ဘူးလို့ Monday Night Football အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။ အခုထိလည်း သူတို့တွေ ဒီလိုစွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်သေးပါဘူး။ ဒါပေမယ့် ဂျင်မီကာရေဂါ ပြောဆိုထားသလို မော်ရင်ဟိုအနေနဲ့ စပါးအသင်းနဲ့သာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့မယ်ဆိုရင် အရမ်းကို ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားလိမ့်မယ်ဆိုတာကိုတော့ လက်ခံပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းပရိသတ်တွေ မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေနဲ့ အာဆင်နယ်အသင်းပရိသတ်တွေအတွက် သတိပေးစရာ ဖြစ်လာတော့မှာပါ”

Photo Credit : Goal

“စပါးအသင်းဘက်က အမှတ်ပေးလိဂ်ဖလားကို မဆွတ်ခူးနိုင်သေးတာမို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ရမယ်ဆိုရင် အကောင်းဆုံးအရာတစ်ခု ဖြစ်သွားလာမှာပါ။ လက်ရှိ သူတို့အသင်းမှာ ချန်ပီယံခရီးရှည်ကြီးကို အကောင်းဆုံးခရီးနှင်နိုင်မယ့် အသင်းသားတွေလည်း ရှိလို့နေတယ်လေ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုကတော့ သူရဲ့စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာထက် အခြားသော ဥရောပလိဂ်ပြိုင်ပွဲတွေမှာသာ ဝင်ရောက်ဆင်နွဲဖြစ်မယ်ဆိုရင် အမှတ်ပေးချန်ပီယံဆုအတွက် သေချာပေါက် စိန်ခေါ်နိုင်မယ့်အသင်းလို့ ပြောဆိုခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ခက်ခဲကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နောက်ပိုင်းကစားခဲ့တဲ့ လိဂ်ပွဲစဉ်တွေ ဆက်တိုက်ကို ရှုံးပွဲမရှိခဲ့ပဲ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲကိုပါ ဆက်တိုက်အနိုင်ရခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာနဲ့ ရပ်တည်လို့နေပါတယ်။ ဒါ့အပြင် စပါးအသင်းရဲ့တိုက်စစ်ပိုင်းက အဓိက ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့နှစ်ယောက်ကလည်း ဒီရာသီအတွင်း အရမ်းကို ခြေစွမ်းပြလျက်ရှိနေပြီး ကစားသမားနှစ်ယောက်ပေါင်း ပါဝင်ပတ်သက်ထားတဲ့ သွင်းဂိုးအရေအတွက်က (၂၅)ဂိုးအထိကို ရှိလို့နေပါတယ်။