အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားရဲ့ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟို ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ရိုးမားနဲ့အတူ အနိုင်ရကာ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ဥရောပပြိုင်ပွဲ အားလုံးမှာ ဗိုလ်စွဲခဲ့ဖူးတဲ့ ပထမဦးဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟိုဟာ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တို ၊ အီတလီ အင်အားကြီးကလပ် အင်တာမီလန်တို့နဲ့အတူ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်စဉ်ကလည်း ယူရိုပါလိဂ် ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီး ယခုတခါ ရိုးမားနဲ့အတူ ယခုနှစ်မှ စတင်ကာ ကျင်းပတဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်ရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

Photo Credit: Standard

ဒါကြောင့်ပဲ မော်ရင်ဟိုက ဘောလုံးသမိုင်း တလျှောက်မှာ ဥရောပရဲ့ အဆင့်မြင့် ဆုဖလား ၃လုံးစလုံးကို ရယူနိုင်တဲ့ ပထမဦးဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ ရိုးမားက ဖီယင်နုကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ ဦးဆောင်မှုကြောင့်ပဲ ရိုးမားက နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဥရောပ အောင်မြင်မှုကို ပြန်လည် ရယူနိုင်ခဲ့ပြီး ရိုးမားပရိသတ်တွေက နယူးကာဆယ် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေဟာ သူတို့ရဲ့ နည်းပြကြီး မော်ရင်ဟိုကို သူတို့ဆီကနေ ယူဆောင်သွားမှာကို စိုးရိမ်နေကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် မော်ရင်ဟိုကတော့ သူဟာ လာမယ့် ဘောလုံးရာသီမှာလည်း ရိုးမား၌သာ ဆက်လက် ရှိနေဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ သူက ရိုးမားနဲ့သာ ရှေ့ဆက်လျှောက်ဖို့ စိတ်ကူးရှိကြောင်း ပရိသတ်တွေကို အသိပေးစကား ပြောကြားထားပါတယ်။