တူရကီလိဂ် ထိပ်သီးကလပ် ဖီနာဘာချီအသင်းရဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်မှာ ဘာစီလိုနာ တိုက်စစ်ကစားသမားလေး အန်ဆူ ဖာတီကို အသင်းဆီ ခေါ်ဆောင်သွားနိုင်ဖို့အတွက် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

အသက် (၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ လာမာစီယာ အကယ်ဒမီထွက် စပိန်တိုက်စစ်ကစားသမားလေး ဖာတီဟာ ဘာစီလိုနာ ဂန္တဝင်ကစားသမားကြီး လီယွန်နယ် မက်ဆီရဲ့ ခြေရာကို ဆက်နင်းနိုင်မယ့်သူလို့ ယူဆံခဲ့ရပေမယ့်လည်း ဒဏ်ရာတွေရဲ့ နှိပ်စက်မှုတွေကြောင့် ဖာတီက တဖြည်းဖြည်း မှေးမှိန်လာခဲ့ရပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ရာသီက ဘရိုက်တန်မှာတောင် အငှားထွက်ကစားခဲ့ရတဲ့ ဖာတီဟာ ဘာစီလိုနာဆီ ပြန်ရောက်လာချိန်မှာလည်း ဒဏ်ရာကြောင့်ပဲ တောက်လျှောက် အနားယူနေရခဲ့ပြီး စက်တင်ဘာလက မိုနာကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှပဲ အသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဖာတီဟာ အဲ့ဒီပွဲကနေ ယန်းဘွိုင်းစ် အလာဗက်စ်တို့နဲ့ ပွဲတွေကိုသာ လူစားဝင်အဖြစ် ပါဝင်ခဲ့ရပါတယ်။

ခြေထောက်ဒဏ်ရာကနေ သက်သာနေပြီ ဖြစ်ပေမယ့်လည်း ဖာတီရဲ့ ပွဲကစားခွင့်တွေကတော့ အတော်လေး နည်းပါးနေတာကြောင့် ဒီအခြေအနေကို ဖာတီကိုယ်တိုင် စိတ်ပျက်လို့နေပြီး လာမယ့် ဆောင်းရာသီဈေးကွက် ဖွင့်ချိန်မှာပင် အသင်းကနေ ထွက်ခွာသွားဖို့အထိပါ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Barca Blaugranes

ဒီလို အနာဂတ် လှုပ်ခတ်လာခဲ့တဲ့ လူငယ် ကစားသမားလေး ဖာတီကို ကလပ်အသင်း များစွာက စိတ်ဝင်စားလို့နေပြီး အဲ့ဒီအသင်းတွေထဲမှာ စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီလည်း ပါဝင်နေတယ်လို့ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

စပိန်အခြေစိုက် AS သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ဖီနာဘာချီ အားကစား ဒါရိုက်တာ မာရီယို ဘရန်ကိုက ဖာတီရဲ့ အေးဂျင့်တွေနဲ့ မကြာခင်မှာပဲ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဘယ်တောင်ပံ ကစားသမားလေး ဖာတီဟာ ဘာစီလိုနာနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးပေမယ့်လည်း အသင်းကနေ အငှားနဲ့ ထွက်ခွာတာထက် အပြီးသတ်သာ ထွက်ခွာသွားဖွယ်လည်း ရှိနေပါတယ်။