အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားရဲ့ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုကတော့ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကို အားပေးသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ကာရာဘောင်းဖလား ၊ အက်ဖ်အေဖလားတို့ကို အပိုင် သိမ်းနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးတို့ဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြပါတယ်။

Photo Credit: Standard

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေ ဖြစ်ကြပြီး ရီးရဲလ်မက်ဒရစ်က ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းနိုင်ဖို့ ပီအက်စ်ဂျီ ၊ မန်ချက်စတာ စီးတီး စတဲ့ အသင်းကောင်းတွေကို အနိုင်ယူခဲ့သလို လီဗာပူးကလည်း နောက်ဆုံး ကစားခဲ့တဲ့ ဗိုလ်လုပွဲ နှစ်ခုစလုံးမှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးကို အနိုင်ယူထားတာကြောင့် သူတို့နှစ်သင်းမှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာဟာ ပြောရခက်နေပါတယ်။

ပေါ်တို ၊ အင်တာမီလန် ၊ ရီးရဲလ်မက်ဒရစ် ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ စပါး စတဲ့ ထိပ်သီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို လက်ရှိအချိန်မှာလည်း ရိုးမားကို ယူရိုပါကွန်းဖရန့်လိဂ်ရဲ့ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားတဲ့ မော်ရင်ဟိုကတော့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ ထိပ်တိုက် တွေ့ဆုံနေတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကို အားပေးဖို့ ရှိနေကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို အနိုင်ရသွားမယ်လို့လည်း ထင်မြင်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

မော်ရင်ဟိုက – “ကျွန်တော်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အားပေးသွားမှာပါ။ ရီးရဲလ်မက်ဒရစ်က ကျွန်တော့်ရဲ့ ရင်ဘတ်ထဲက အသင်းလေ။ ကျွန်တော် မျှော်လင့်ထားသလို ရီးရဲလ်မက်ဒရစ်က အနိုင်ရသွားမလား ဆိုတာကို ဆက်ပြီး စောင့်ကြည့်ကြတာပေါ့ဗျာ” လို့ ပြောကြားသွားခဲ့တာပါ။

ကဲ ပရိသတ်ကြီးကရော ရီးရဲလ်မက်ဒရစ်က လီဗာပူးကို အနိုင်ရသွားမယ်လို့ ထင်လား…? ဒါမှမဟုတ် လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရပြီး လက်စားချေနိုင်မယ်လို့ ထင်လားဗျ…?