အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားနဲ့အတူ မကြာမီကမှ ယူရိုပါ ကွန့်ဖရန့်လိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ပေါ်တူဂီ ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ရထားပေမယ့် ရိုးမားနဲ့သာ ဆက်လက် လက်တွဲဖို့ ဆုံးဖြတ်ထားကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ် များစွာက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ပေါ်တို ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုက လက်ရှိအချိန် အထိ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ရိုးမားအသင်းကိုလည်း ယခုနှစ် ဘောလုံးရာသီ အစကမှသာ ကိုင်တွယ်ခဲ့ပေမယ့် ဥရောပ ဆုဖလား တလုံး ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Telegraph

ဒါကြောင့်ပဲ မကြာခင်မှာ အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ လမ်းခွဲတော့မယ့် ပီအက်စ်ဂျီက မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်နေတာ ဖြစ်ပြီး ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့က မော်ရင်ဟိုကို သူတို့ရဲ့ နံပါတ်နှစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း တဦး ဖြစ်သလို ပြင်သစ်လူမျိုးလည်း ဖြစ်တဲ့ ဇနက်ဒင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပေမယ့် ဇီဒန်းက သူတို့ရဲ့ ကမ်းလှမ်းမှုတွေကို ဆက်တိုက်ဆိုသလို ပယ်ချနေတာကြောင့် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက မော်ရင်ဟို အပါအဝင် အခြားနည်းပြ တချို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Telegraph

ဒါပေမယ့် မော်ရင်ဟိုကတော့ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ ရိုးမားကိုသာ ဆက်လက် တည်ဆောက်ဖို့ စဉ်းစားထားပြီး မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူကလည်း ပီအက်စ်ဂျီထံ မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက်ကို အသိပေးတော့မယ်လို့လည်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း မော်ရင်ဟိုဟာ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို စိတ်မဝင်စားသေးကြောင်း အတည်ပြုပေးထားပြီး မော်ရင်ဟိုကသာ ရိုးမား၌သာ ဆက်လက် ရှိနေဖို့ ရာခိုင်နှုန်း များနေကြောင်း ပြောကြားထားပါတယ်။