အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေတဲ့ နည်းပြချုပ် ဟိုဆေး မော်ရင်ဟိုက သူဟာ ဖြစ်နိုင်မယ် ဆိုရင် ရိုးမားနဲ့ စာချုပ်သစ် ထပ်ချုပ်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၆၀ အရွယ် ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ၂၀၂၁ခုနှစ်မှာ ရိုးမားကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူနဲ့ ရိုးမားရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၄ခုနှစ် ဇွန်လမှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

မော်ရင်ဟိုက ရိုးမားကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းကို ပြုပြင်ပြောင်းလဲမှု များစွာ လုပ်ခဲ့သလို ကစားသမားကောင်း များစွာကိုလည်း အသင်းဆီ ပြောင်းလာအောင် စည်းရုံး သိမ်သွင်းနိုင်ခဲ့ပြီး ယူရိုပါ ကွန်းဖရန့်လိဂ် ဆုဖလားကိုပါ အရယူပေးခဲ့ပါတယ်။

မော်ရင်ဟိုက ရိုးမားနည်းပြဘဝမှာ စုစုပေါင်း ၁၃၂ပွဲ တာဝန်ယူ နည်းပြခဲ့ရာ ၆၆ပွဲ အနိုင်ရခဲ့ပြီး ၂၉ပွဲ သရေကျခဲ့ကာ ၃၇ပွဲသာ ရှုံးထားပြီး သူ့ရဲ့ ရိုးမားက အဆိုပါ ၁၃၂ပွဲမှာ သွင်းဂိုး ၂၀၉ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ပေးဂိုးကတော့ ၁၄၀ဂိုးသာ ရှိခဲ့ပါတယ်။

Photo Credit: AS Roma

မော်ရင်ဟိုက ရိုးမားကို အချိန်တိုအတွင်းမှာ စီးရီးအေရဲ့ ထိပ်သီးအသင်း တသင်း ပြန်ဖြစ်လာအောင် ဦးဆောင်ပေးနိုင်ခဲ့သလို နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ ဥရောပ ဆုဖလား တလုံး ပြန်လည် ရယူပေးနိုင်ခဲ့ပေမယ့် ရိုးမားနဲ့ မော်ရင်ဟိုတို့ရဲ့ ကြားထဲမှာ အခုချိန်အထိ စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးပါဘူး။

ဒါကြောင့်ပဲ မော်ရင်ဟိုက သူဟာ ရိုးမားကို မစွန့်ခွာချင်သေးကြောင်းနဲ့ ဖြစ်နိုင်ရင် ရိုးမားမှာပဲ ဆက်နေချင်ကြောင်း ထုတ်ပြောကာ သူ့ရဲ့ ဆန္ဒကို ရိုးမားရဲ့ တာဝန်ရှိသူတွေ သိအောင် ပြောပြခဲ့တာပါ။ မော်ရင်ဟိုက – “ကျွန်တော်က ရိုးမားမှာပဲ ဆက်နေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘဏ္ဍာရေးအခြေအနေကို ကြည့်ပြီး အစီအစဉ်တွေ ချမှတ်ရပါဦးမယ်။ ကျွန်တော်သာ ရိုးမားနဲ့ လမ်းခွဲခဲ့ရရင် အဲ့ဒါက ကျွန်တော့်ကို နာကျင်စေပါလိမ့်မယ်။ တကယ်လို့ အသင်းနဲ့ လမ်းခွဲရမယ် ဆိုရင်တောင် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကြောင်း လမ်းခွဲရတာ မဟုတ်ဘူး ဆိုတာကို နားလည်စေချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။