ဖီနာဘာချီအသင်းရဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက လက်ရှိ ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့် ရရှိဖို့ လုံးဝ မလွယ်ကူနိုင်တော့မယ့် ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ကို တူရကီ နွေဈေးကွက် မပိတ်ခင်အတွင်း ခေါ်ယူသွားချင်နေတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် လာလီဂါ စီးရီးအေ ဘွန်ဒက်စ်လီဂါ လီဂူးဝမ်းနဲ့ ဆော်ဒီလိဂ်တို့ရဲ့ နွေဈေးကွက်တွေက ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း တူရကီ အမှတ်ပေးပြိုင်ပွဲရဲ့ နွေအပြောင်းအရွှေ့ ဈေးကွက်ကတော့ အခု စက်တင်ဘာ (၁၃)ရက်နေ့အထိ ဖွင့်လှစ်နေဦးမှာဖြစ်လို့ တူရကီအသင်းတွေအနေနဲ့ ကစားသမား ခေါ်ယူမှုတွေကို လာမယ့် (၁၀)ရက်ဝန်းကျင်အထိ လုပ်ဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်။

Photo Credit : SPORTbible

ဒီရက်ပိုင်းအတွင်းမှာလည်း တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းက နာပိုလီရဲ့ တိုက်စစ်ကစားသမား ဗစ်တာ အိုဆီမန်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဒါဟာ ဂါလာတာစာရေးအတွက်ရော တူရကီလိဂ်အတွက်ပါ big signing ကြီးတစ်ခု ဖြစ်စေခဲ့ရပါတယ်။

တူရကီလိဂ်မှာ ဂါလာတာစာရေးရဲ့ အနီးဆုံး ပြိုင်ဘက်အသင်းဖြစ်တဲ့ ဖီနာဘာချီကလည်း ဒီနွေထဲ ဘရိုက်တန်အသင်းဆီ ရောင်းချခံလိုက်ရတဲ့ ဘယ်နောက်ခံလူ ကာဒီအိုဂလူးရဲ့ နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ကို ခေါ်ယူဖြည့်တင်းသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဖီနာဘာချီက ဒီနွေမှာ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး အန်နက်ဆီရီ စိန့်မက်ဆီမင် ကရူးနစ်တို့လို ကစားသမားကောင်းတွေပါ ဖြည့်တင်းပေးထားသလို အခု တူရကီလိဂ်မှာလည်း ဂါလာတာစာရေး ဘက်ရှီးတပ်တို့နဲ့ပါ အပြိုင်အဆိုင် ဖြစ်နေချိန် နောက်ထပ် ကစားသမားတွေကိုပါ ထပ်မံ ဖြည့်တင်းသွားဖို့ပါ စီစဉ်နေပါတယ်။

လက်ရှိမှာတော့ ဖီနာဘာချီရဲ့ အဓိကပစ်မှတ်တွေထဲမှာ ဘင်ချီဝဲလ် ပါဝင်လာခဲ့ပြီး ဘင်ချီဝဲလ်ကလည်း ချယ်လ်ဆီးနည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ plan ထဲမှာ ပါဝင်မှာ မဟုတ်တော့တဲ့အတွက် ချယ်လ်ဆီးကနေ ထွက်ခွာချင်နေပြီး ချယ်လ်ဆီး နည်းပြဟောင်းကြီး မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီဆီ ပြောင်းရွှေ့သွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။