တူရီကလပ် ဖီနာဘာချီအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက သူနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ဖီနာဘာချီအသင်းဆီ ခေါ်ဆောင်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပေါ်တို ချယ်လ်ဆီး အင်တာ ရီးယဲလ် မန်ယူနိုက်တက် စပါးနဲ့ ရိုးမားအသင်းတွေမှာ နည်းပြဘဝကို ကျင်လည် ဖြတ်သန်းခဲ့ဖူးတဲ့ ဝါရင့် နည်းပြကြီး မော်ရင်ဟိုဟာ မကြာသေးခင်ကပဲ ဖီနာဘာချီအသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရပြီး (၂)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

Photo Credit : The Independent

ရိုးမားကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ကလပ်အသင်း အမြောက်အများနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မော်ရင်ဟိုက တူရကီမြေဆီ သွားရောက်ဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး ဖီနာဘာချီအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဖီနာဘာချီမှာ သူ့တပည့်ဟောင်းဖြစ်တဲ့ ဖရက်ဒ်နဲ့ပါ ပြန်လည် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

မော်ရင်ဟိုက သူ့အနေနဲ့ သူနောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ရိုးမားအသင်းက ကစားသမားတွေကို ဖီနာဘာချီအသင်းဆီ ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောဆိုထားခဲ့ပေမယ့်လည်း သူ့အသင်းဟောင်း စပါးက အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကိုတော့ ဖီနာဘာချီဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Eurosport

အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သလို နည်းပြ ပိုစတီကိုဂလူး နှစ်သက်ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်လို့ ဆော်ဒီကလပ်တွေက ဆွန်ကို ပစ်မှတ်ထားလာခဲ့သလို သူ့ဆရာဟောင်း မော်ရင်ကိုလည်း သူကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းဆီ ခေါ်ယူချင်လာခဲ့ပါတယ်။

ဆွန်ဟောင်မင်နဲ့ မော်ရင်ဟိုတို့ဟာ စပါးအသင်းမှာ (၁)နှစ်ခွဲဝန်းကျင်လောက်အထိ လက်တွဲခဲ့ဖူးသလို အဲ့ဒီကာလအတွင်းမှာလည်း ဆွန်ဟောင်မင်က စပါးအသင်းအတွက် ဂိုး(၄၀)ခန့်လောက်တောင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း မော်ရင်ဟိုက သူ့အသင်းအတွက် ဆွန်ကို အလိုရှိနေတာဖြစ်ပြီး စပါးဘက်ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို အသင်းမှာသာ ဆက်ထိန်းသွားဖို့ကိုသာ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။