ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့ စပါးအသင်းရဲ့ နည်းပြ ဖြစ်သူ မော်ရင်ဟိုကတော့ သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းပြဿနာကို ဖြေရှင်းဖို့ အတွက် အသင်းဟောင်း ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဂျရူးကို ခေါ်ယူဖို့ ကြိုးစားနေတယ် လို့ လန်ဒန်မြို့ အခြေစိုက် သတင်းတွေက ဖော်ပြ သွားခဲ့ကြပါတယ်။ စပါယ်ရှယ်ဝမ်းလို့ နာမည်ကြီးတဲ့ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း ၆သင်းမှာ အားအနည်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းလို့ ပြောလို့ရကာ အထူးသဖြင့် အထောင်တိုက်စစ်မှူး နေရာမှာ ဟယ်ရီကိန်း တစ်ဦးတည်းသာ ရှိနေတာက အခြားအသင်းတွေနဲ့ ယှဉ်လိုက်ရင် စပါးအသင်းကို အားနည်း သွားစေပါတယ်။

Photo Credit: Football London

ဒါ့အပြင် ဟယ်ရီကိန်းဟာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရလေ့ရှိတာ ကြောင့် စပါးအသင်းရဲ့ တိုက်စစ်ပိုင်း ပြဿနာ ကို ဖြေရှင်းဖို့အတွက် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာရဖို့ ရှိနေတဲ့ ဝါရင့်တိုက်စစ်မှူး ဂျရူးကို မော်ရင်ဟိုက ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြခဲ့ကြပါတယ်။ ချယ်လ်ဆီး အသင်းဟာ လက်ရှိမှာတော့ လစ်ဇက်အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူနိုင်ဖို့ အတွက် အတော်လေးကို နီးစပ်နေတဲ့ အသင်းဖြစ်ကာ တီမိုဝါနာကို ခေါ်ယူပြီးပါက အသင်းရဲ့ တိုက်စစ် မှာ တိုက်စစ်မှူး လေးဦးအထိ ပိုင်ဆိုင်သွားမှာ ဖြစ်ကာ အဆိုပါ ကစားသမားတွေထဲမှာ အသက်အကြီးဆုံး ဖြစ်တဲ့ ဂျရူးကို ရောင်းချသွားဖို့ စဉ်းစားနေကြောင်းလည်း သိထားရပါတယ်။

Photo Credit: Football London

Express Sport သတင်းဌာနရဲ့ အဆိုအရ မော်ရင်ဟိုဟာ ဂျရူးကို ခေါ်ယူနိုင်ဖို့အတွက် ဂျရူးဆီကို ကိုယ်တိုင် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပြီး ဂျရူးဘက်ကလည်း ပွဲထွက် ကစားခွင့် ရဖို့ မသေချာတဲ့ ချယ်လ်ဆီးအသင်း ကနေ စပါးအသင်းထံကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ ဂျရူးဟာ ၂၀၁၇ခုနှစ်မှာ လန်ဒန်ကလပ် အာဆင်နယ် အသင်းကနေ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး စပါးအသင်းထံကိုသာ ထပ်မံ ပြောင်းရွှေ့ ကစားဖြစ်ပါက လန်ဒန်ရဲ့ ထိပ်သီးအသင်း သုံးသင်းစလုံးမှာ ကစားခွင့်ရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။ စပါးအသင်းဟာ ဂျရူးအတွက် ပြောင်းရွှေ့ကြေး ပေါင်၁၅သန်းဝန်းကျင် ပေးချေရဖွယ် ရှိကြောင်း အပြောင်းအရွှေ့ သုတေသီ အများစုက သုံးသပ်ထားကြပါတယ်။