အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတွေထဲက တသင်း ဖြစ်တဲ့ ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ကစားသမား အင်အားဖြည့်တင်းမှု အများအပြားကို လုပ်ဆောင်ဖို့ ကြိုးစားနေပြီး သူ့ရဲ့ ပစ်မှတ် ကစားသမား အများစုဟာ ပရီးမီးယားလိဂ် ကစားသမားတွေပဲ ဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ လက်ရှိမှာ ဝုဗ်အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ဂိုးသမား ပက်ထရီစီယိုကို ခေါ်ယူဖို့ သဘောတူညီမှု ရထားသလို အာဆင်နယ်အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာကိုလည်း ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Metro

ယနေ့မနက်ပိုင်းမှာ ရရှိထားတဲ့ သတင်းတွေအရ မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းမှာ ရှိနေစဉ်က လူငယ်အသင်း ကနေ အသင်းကြီးထံ သူ ဆွဲတင်ပေးခဲ့တဲ့ ပြင်သစ် နောက်ခံလူ ဇူးမားကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဇူးမားဟာ ချယ်လ်ဆီးအသင်းကို လမ်းပတ် ကိုင်တွယ်စဉ်က အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းထံ တူချယ် ရောက်ရှိလာပြီး နောက်ပိုင်းမှာ ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရပြီး လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Metro

တဖက်မှာလည်း ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း ဝန်းကျင် အထိ သုံးစွဲကာ ခေါ်ယူနိုင်ဖို့ အတွက် မလိုအပ်တဲ့ ကစားသမားတချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားပြီး အဆိုပါ ရောင်းချမယ့် ကစားသမားစာရင်းမှာ ဇူးမားဟာလည်း ပါဝင်နေပါတယ်။

နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Tele Foot သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းက ရောင်းထုတ်ဖို့ စဉ်းစားနေတဲ့ ဇူးမားကို ခေါ်ယူဖို့ အတွက် ရိုးမားအသင်းနဲ့ စပါးအသင်းတို့က အပြိုင် စိတ်ဝင်စားနေကြပေမယ့် ဇူးမားကတော့ ဆရာဟောင်း မော်ရင်ဟို ရှိတဲ့ ရိုးမားအသင်းထံသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ရိုးမားအသင်းဟာ ဇူးမားကို ခေါ်ယူချင်ပါက အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းခန့် သုံးစွဲရဖွယ် ရှိပြီး အဆိုပါ ပမာဏဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ရိုးမားအသင်း အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ဖြစ်တာကြောင့် ရိုးမားအသင်းဟာ ဇူးမားကို တရာသီ အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့သာ ချယ်လ်ဆီးအသင်းထံ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။