အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ဒိုင်ဘာလာကို အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီကနေ ထွက်ခွာခွင့် ရထားတဲ့ နယ်သာလန် ကွင်းလယ်လူ ဝစ်နယ်ဒန်ကို ခေါ်ယူဖို့ ထပ်မံ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Football Italia

အသက် ၃၁နှစ် အရွယ် နယ်သာလန် ဝါရင့် ကွင်းလယ်လူ ဝစ်နယ်ဒန်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ လီဗာပူးကနေ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကျန်ရှိနေပါသေးတယ်။

ဝစ်နယ်ဒန်က ပုံမှန် ပွဲထွက်ခွင့် ရမယ် ဆိုတဲ့ အာမခံချက်နဲ့အတူ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပေမယ့် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပြီးနောက် သူ လိုချင်တဲ့ ပွဲထွက်ခွင့်တွေ မရခဲ့သလို ထိုက်သင့်တဲ့ ခြေစွမ်းမျိုးတွေ မပြသနိုင်ခဲ့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ပီအက်စ်ဂျီကနေ ရောင်းထုတ်ခံရမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေသူပါ။

Photo Credit: Football Italia

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုက အားနည်းချက်တွေ ရှိနေသေးတဲ့ သူတို့အသင်းရဲ့ ကွင်းလယ်ကို ဖာထေးနိုင်ရန် ဝစ်နယ်ဒန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရိုးမားက မကြာခင်မှာပဲ ဝစ်နယ်ဒန်ကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီနဲ့ တရားဝင် ဆွေးနွေးရန် ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

ပီအက်စ်ဂျီကတော့ ဝစ်နယ်ဒန်ကို တရာသီ အငှားချတာထက် အပြီးသတ်သာ ရောင်းချချင်နေပေမယ့် ရိုးမားကသာ ဝစ်နယ်ဒန်ရဲ့ လုပ်ခလစာ အပြည့်အဝကို ပေးချေနိုင်ရင် ဝစ်နယ်ဒန်ကို ရိုးမားထံ အငှားချနိုင်ဖွယ် ရှိပြီး ဝစ်နယ်ဒန်ကလည်း မော်ရင်ဟိုနဲ့အတူ လက်တွဲ လုပ်ကိုင်ဖို့ ဆန္ဒရှိနေကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်သူတွေက ပြောကြားထားကြပါတယ်။