အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် မော်ရင်ဟိုက သူ့ရဲ့ တပည့်ဟောင်း တဦးလည်းဖြစ် အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူးလည်း ဖြစ်တဲ့ မိုရာတာကို ရိုးမားဆီ ခေါ်ယူရန် ကြိုးစားနေကြောင်း အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

ရိုးမားက အီဘရာဟမ် ၊ ဘယ်လော့တီ ၊ ဒိုင်ဘာလာ စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် မော်ရင်ဟိုက ယခု နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တဦးကို ထပ်မံ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မိုရာတာဟာ ရိုးမားရဲ့ နံပါတ်တစ်ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၃၀ အရွယ် စပိန်လက်ရွေးစင် တိုက်စစ်မှူး အယ်ဗာရို မိုရာတာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ် ကနေ ဂျူဗင်တပ်ထံ တရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့ ကစားခဲ့သလို ဂျူဗင်တပ်မှာ ထိုက်သင့်သလောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်က ဘဏ္ဍာရေး အကြပ်အတည်းကြောင့် သူ့ကို အပြီးသတ် ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါဘူး။

တဖက်မှာလည်း အက်သလက်တီကို မက်ဒရစ်က သူတို့အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ထိန်းညှိနိုင်ဖို့ မိုရာတာကို အသင်းကနေ ရောင်းထုတ်ချင်နေတာကြောင့် မိုရာတာရဲ့ ကိုယ်စားလှယ်တွေက သူတို့ရဲ့ ကစားသမား အတွက် အသင်းသစ်ကို လိုက်လံ ရှာဖွေနေရပါတယ်။

Photo Credit: Tribuna

လက်ရှိမှာတော့ မော်ရင်ဟိုရဲ့ ရိုးမားဟာ မိုရာတာကို ခေါ်ယူဖို့ အတက်ကြွဆုံး လှုပ်ရှားနေပြီး မော်ရင်ဟိုက မိုရာတာကို ရိုးမားဆီ ပြောင်းလာဖို့ စည်းရုံးမှုတွေ လုပ်နေသလို ရိုးမားရဲ့ အားကစားဒါရိုက်တာ ပင်တိုကလည်း မိုရာတာရဲ့ ပြောင်းရွှေ့ကြေးကို စုံစမ်းမှုတွေ လုပ်နေပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ရိုးမား အားကစားဒါရိုက်တာ ပင်တိုက လာမယ့် သီတင်းပတ်ထဲမှာ မိုရာတာရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ ကစားသမားရဲ့ တန်ကြေးနဲ့ လုပ်ခလစာတွေကို စုံစမ်းဖို့ ပြင်ဆင်ထားပြီး အဆင်ပြေမယ် ဆိုရင် မိုရာတာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရအောင် လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။