အီတလီ စီးရီးအေ နာမည်ကြီးကလပ်ရဲ့ ရိုးမားရဲ့ နည်းပြချုပ် ဖြစ်သူ မော်ရင်ဟိုက လာမယ့် ဆောင်းဈေးကွက်မှာ သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ချယ်လ်ဆီးမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ နောက်ခံလူ ချာလိုဘက်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ရိုးမားက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် များစွာကို ခေါ်ယူကာ အသင်းကို အတတ်နိုင်ဆုံး အင်အားဖြည့်တင်းထားပေမယ့် မော်ရင်ဟိုကတော့ ရိုးမားရဲ့ ခံစစ်ကြောင်း အတွက် အားကိုးရမယ့် အရည်အသွေးမြင့် ထိပ်တန်း ဗဟိုခံစစ်မှူး တဦးကို ထပ်မံ ခေါ်ယူချင်နေပါသေးတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ မော်ရင်ဟိုနဲ့ ရိုးမားရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက် အတွင်းမှာ အသင်းအတွက် ထိပ်တန်း ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူဖို့ ကြိုးစားသွားရန် စီစဉ်ထားကြပြီး မော်ရင်ဟိုကတော့ အသင်းဟောင်း ချယ်လ်ဆီးရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ချာလိုဘက်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လူငယ် ဗဟိုခံစစ်မှူး ချာလိုဘက်က ကစားပုံ မာကျောသလို မြန်နှုန်းလည်း မြင့်တဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံ ၃၀ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ ချာလိုဘက်က သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ပွဲထွက်ခွင့်တွေ ပိုမို ရရှိလာဖို့ မျှော်လင့်ထားပေမယ့် ချယ်လ်ဆီး ဘုတ်အဖွဲ့က သူ့ရဲ့ ခြေစွမ်းကို မယုံကြည်တာကြောင့် ဗဟိုခံစစ်နေရာ အတွက် ဖိုဖာနာနဲ့ ကူလီဘလီတို့လို ဗဟိုခံစစ်မှူးတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးကာ ခေါ်ယူခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုက သူ့ရဲ့ ခံစစ်ကြောင်း အတွက် ချာလိုဘက်ကို ခေါ်ယူချင်နေသလို ချာလိုဘက်ကလည်း ရိုးမားမှာ အဆင်ပြေနေတဲ့ သူ့ရဲ့ အသင်းဖော်ဟောင်း အေဗရာဟမ်ကို အားကျနေတာကြောင့် ရိုးမားဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးကတော့ ချာလိုဘက် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းကျော် တောင်းဆိုဖွယ် ရှိနေကြောင်း သိရပါတယ်။