MySport Myanmar

ရိုးမားနဲ့ ပေါ်တူဂီ နှစ်သင်းစလုံးကို တပြိုင်နက်ထဲ ကိုင်တွယ်ဖို့ စဉ်းစားနေတဲ့ မော်ရင်ဟို

အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် ဖြစ်သူ ဟိုဆေး မော်ရင်ဟိုက သူ့ရဲ့ အမိမြေဖြစ်တဲ့ ပေါ်တူဂီနိုင်ငံရဲ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့် ရမယ့် အခွင့်အရေး ရှိလာခဲ့ရင် ငြင်းဆန်မှာ မဟုတ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဥရောပရဲ့ ဘောလုံးအင်အားကြီး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီက ယခု ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မထင်မှတ်ပဲ မော်ရိုကိုကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: Goal

ကွာတားဖိုင်နယ်ပဲ ရောက်ခဲ့တာကြောင့် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က အသင်းကို ၂၀၁၄ခုနှစ်ထဲက ကိုင်တွယ်ခဲ့တဲ့ ဝါရင့်နည်းပြကြီး ဆန်းတို့စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဆန်းတို့စ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်သီး နည်းပြတဦးကို စတင် ရှာဖွေနေပါတယ်။

တဖက်မှာတော့ ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ မော်ရင်ဟိုက လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး ဖြစ်သလို သူဟာ ကလပ်အသင်း အဆင့်မှာ မရဖူးတဲ့ ဆုဖလား မရှိတော့ဘူးလို့ ပြောရအောင်ပဲ သူ ရောက်တဲ့ နိုင်ငံတိုင်း ၊ အသင်းတိုင်းမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူ ဖြစ်ပြီး မော်ရင်ဟိုက ပြီးခဲ့တဲ့နှစ်မှာလည်း ရိုးမားကို ယူရိုပါ ကွန်းဖရန့်လိဂ် ဆုဖလား ရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် မော်ရင်ဟိုကို ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး မော်ရင်ဟိုကလည်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်နဲ့ မကြာခင်မှာပဲ လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူး အတွက် တရားဝင် ဆွေးနွေးသွားမယ်လို့ ရိုးမားနဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Roma Press သတင်းဌာနက ဆိုပါတယ်။

Roma Press သတင်းဌာနရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုက ပေါ်တူဂီရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ စိတ်ဝင်စားနေပေမယ့် တဖက်မှာလည်း ရိုးမားကနေ နုတ်ထွက်ဖို့ ဆန္ဒမရှိတာကြောင့် ရိုးမားနဲ့ ပေါ်တူဂီ နှစ်သင်းစလုံးကို တပြိုင်ထဲ ကိုင်တွယ်ဖို့ စဉ်းစားနေပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ကလည်း မော်ရင်ဟိုရဲ့ ဆန္ဒကို လိုက်လျောဖွယ် ရှိကြောင်း သိရပါတယ်။

Exit mobile version