အီတလီ စီးရီးအေရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားအသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ရူဘင် လော့ဖ်တပ်ချိကို အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း အီတလီ သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူ လော့ဖ်တပ်ချိဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် ကစားနိုင်သလို ဗဟိုကွင်းလယ်လူ အဖြစ်လည်း ကစားနိုင်စွမ်း ရှိသူ တဦးပါ။

Photo Credit: Tutto Sports

ဒါကြောင့်ပဲ ကွင်းလယ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုးမားအသင်းဟာ လော့ဖ်တပ်ချိကို ခေါ်ယူဖို့ စတင် ကြိုးစားနေတာ ဖြစ်ပြီး လော့ဖ်တပ်ချိကို ရာသီဝက်အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ ခေါ်ယူပါ့မယ် ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနက ဆိုပါတယ်။

လော့ဖ်တပ်ချိဟာ ပင်ကိုယ် အရည်အသွေး ထူးချွန်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုပိုင်း အားနည်းချက်ကြောင့်ပဲ ချယ်လ်ဆီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရပြီး ယခုနှစ် ဘောလုံးရာသီမှာ ၈၉၀မိနစ်သာ ကစားခွင့် ရထားပါတယ်။

Photo Credit: Tutto Sports

ရိုးမားအသင်း ကတော့ မော်ရင်ဟိုရဲ့ ထောက်ခံချက်နဲ့ လော့ဖ်တပ်ချိကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်း ကနေ ရိုးမားအသင်းထံ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး အေဗရာဟမ် ရှိနေတာကြောင့် လော့ဖ်တပ်ချိကို သူတို့အသင်းထံ ပြောင်းရွှေ့လာအောင် စည်းရုံးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ရိုးမားအသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ချယ်လ်ဆီးအသင်း ကတော့ အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို ခြေစွမ်းလည်း ကောင်းမွန်တဲ့ လော့ဖ်တပ်ချိ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင်ခန့် တောင်းဆိုဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။