ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှ စတင်ကာ အီတလီ စီးရီးအေကလပ် ရိုးမားအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူတော့မယ့် ပေါ်တူဂီ နည်းပြကြီး ဟိုဆေး မော်ရင်ဟိုကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ သူ့ရဲ့ တပည့်ဟောင်း ကွင်းလယ်လူ မာတစ်ကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။ မော်ရင်ဟိုဟာ ဆားဘီးယား ဝါရင့် ကွင်းလယ်ခံစစ် ကစားသမား မာတစ်ကို ချယ်လ်ဆီးအသင်းမှာ ရှိစဉ်က တစ်ကြိမ် ၊ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရှိစဉ်က တစ်ကြိမ် ခေါ်ယူခဲ့ဖူးပြီး ယခုတစ်ခေါက်မှာသာ ခေါ်ယူနိုင်ခဲ့ပါက မာတစ်နဲ့ သူ့ရဲ့ ပေါင်းစပ်မှုဟာ တတိယအကြိမ် ဖြစ်လာမှာပါ။

Photo Credit: Standard

အသက် ၃၂နှစ် အရွယ် ဆားဘီးယား လက်ရွေးစင် မာတစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် သူ့အတွက် ပုံမှန် ကစားခွင့်ရမယ့် အသင်းတသင်းကို ပြောင်းရွှေ့ချင်နေကာ ဆရာဟောင်း မော်ရင်ဟိုရှိတဲ့ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ကြီးကြီးမားမား အားဖြည့်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကာ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူတွေ ဖြစ်တဲ့ မာတစ် ၊ မာတာ ၊ လင်ဂတ်တို့ကို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်နေပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ရိုးမားအသင်းရဲ့ နည်းပြသစ် မော်ရင်ဟိုဟာ သူ့ရဲ့ တပည့်ဟောင်း မာတစ်ကို အီတလီနိုင်ငံဆီ ခေါ်ယူမယ့် အစီအမံကို စီစဉ်နေတာ ဖြစ်ပြီး အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ မာတစ်နဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ပြီးပြီ ဖြစ်ကြောင်း သိရပါတယ်။ အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Corrier Dello Sports သတင်းဌာန ကတော့ မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ မာတစ်အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်းနဲ့ စတင် ကမ်းလှမ်းသွားမှာ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။