မနေ့ညက ကျင်းပသွားခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ပွဲအစတစ်မိနစ်မှာပဲ ရရှိခဲ့တဲ့ ကွင်းလယ်လူအမ်ဒွန်ဘီလီရဲ့သွင်းဂိုးနဲ့ ဧည့်သည်စပါးတို့ ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲပြီးဆုံးခါနီးမှာပဲ အိမ်ရှင်ဝုလ်ဗ်အသင်းရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရကာ တစ်ဖက်ကိုတစ်ဂိုးစီ သရေပွဲနဲ့ အဆုံးသတ်ခဲ့ရပြီး မော်ရင်ဟိုရဲ့စပါးအသင်းမှာလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက်ကို နိုင်ပွဲပျောက်ဆုံးထားခဲ့ရပါတယ်။

Photo Credit : Cartilage Free Captain

ဒီတစ်ပတ်မှာ လီဗာပူးလ် လက်စတာ မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး အစရှိတဲ့ အမှတ်ပေးဇယားထိပ်နားက အသင်းတွေအားလုံး ရလဒ်တိမ်းစောင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ စပါးက ဒီအခြေအနေကို အခွင့်ကောင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း အမိအရ မဆုပ်ကိုင်နိုင်ခဲ့တာကြောင့် အဆင့်(၅)နေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့ရပါတယ်။ ဒီပွဲအတွင်း အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စပါးနည်းပြမော်ရင်ဟိုကတော့ သူရဲ့အသင်းသားတွေအနေနဲ့ ရည်မှန်းချက်မရှိပဲ ကစားနေသလိုမျိုး ဖြစ်နေတယ်လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

Photo Credit : TEAMtalk

မော်ရင်ဟိုက “ဝုလ်ဗ်လို အားကောင်းလှတဲ့ ပြိုင်ဘက်မျိုးနဲ့ ယှဉ်ပြိုင်ကစားရချိန်မှာ အသင်းအတွက် တစ်မှတ်ပဲ ရယူနိုင်ခဲ့တဲ့အပေါ် ရလဒ်ဆိုးတယ်လို့တော့ မယူဆနိုင်ပါဘူး။ ဒါပေမယ့်လည်း ပထမပိုင်းရဲ့ ပထမဆုံးမိနစ်မှာပဲ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ တစ်ပွဲလုံးကို ထိန်းချုပ်ခွင့်ရခဲ့သလို လက်ကျန်မိနစ် (၈၉)မိနစ်အတွင်းမှာလည်း သွင်းဂိုးတွေ ရယူဖို့ အချိန်ရခဲ့ပေမယ့် အခုလို ဖြစ်သွားခဲ့တာကတော့ ကျွန်တော့်ကို အတော်လေး စိတ်ပျက်စေခဲ့ရပါတယ်။ အသင်းကို ဘယ်လိုပြင်ဆင်ထားခဲ့သလဲဆိုတာကိုရော ကစားသမားတွေကိုလည်း ဘာတွေပြောဆိုမှာကြားလိုက်သလဲဆိုတာပါ ကျွန်တော်အားလုံးကို သိတယ်။ ဆိုတော့ ကျွန်တော်ဒီထက်ပိုပြီး အများကြီးတွေ မပြောချင်တော့ပါဘူး။ ဝုလ်ဗ်ရဲ့ကစားပုံနဲ့ပတ်သက်ပြီး ကျွန်တော်ထင်မြင်ချက်ပေးရမယ်ဆိုရင် သူတို့က ကျွန်တော်တို့ကို အတော်လေးဖိအားပေးနိုင်ခဲ့တဲ့အပြင် ပွဲကိုလည်း ထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့ ပြောရမယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘာရည်မှန်းချက်မှကို မရှိသလိုပါပဲ။ ဒါက စိတ်ပျက်ဖို့ကောင်းပါတယ်။ လီဗာပူးလ်လို အသင်းမျိုးနဲ့ ရင်ဆိုင်နေရသလိုပဲ။ အသင်းကို အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတွေကို ပွဲချိန်ပြည့် လိုက်ထိန်းချုပ်နေရပြီး တည်ကန်ဘောကနေ ဂိုးတွေခွင့်ပြုလိုက်ရသလိုမျိုးပဲ။ ခံစစ်ကို ကျစ်လစ်အောင် ကစားနေတာကလည်း အသင်းရဲ့ ရည်ရွှယ်ချက်မဟုတ်ဘူး။ သူတို့တွေကို ကျွန်တော် ပထမပိုင်းအပြီးမှာ ဘာတွေမှာကြားလိုက်လဲဆိုတာကိုလည်း သူတို့သိမှာပါ။ သူတို့ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး” လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။